ကမ္ဘာ့ပထမဆုံးစူပါဆီဒန်ကား 2018 Maserati Quattroporte GTS GranSport

887

အီတလီဇိမ်ခံကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Maserati ဟာ တံခါးလေးပေါက်နဲ့ ဇိမ်ခံစပို့စ်ဆီဒန်ကားမိုဒယ် Quattroporte ကို ၁၉၆၃ ခုနှစ်ကတည်းက ထုတ်လုပ်စျေးကွက်တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မျိုးဆက်ခြောက်ဆက် တိုင်ခဲ့ပါပြီ။ လက်ရှိမျိုးဆက်ကို ၂ဝ၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင် နောက်ဆုံးပေါ် ၂ဝ၁၈ မိုဒယ်ကိုလည်း ထပ်တိုးမွမ်းမံထုတ်လုပ်လိုက်ပါပြီ။

ကမ္ဘာ့ပထမဆုံး စူပါဆီဒန်ကားအဖြစ် တင်စားထားတဲ့ 2018 Maserati Quattroporte မိုဒယ်သစ်ကို အရင်လို Quattroporte S ၊ S Q4 နဲ့ စွမ်းအားအပြည့်ဝဆုံး GTS မိုဒယ်ခွဲတွေ ရရှိနိုင်ပြီး GTS မိုဒယ်မှာဆိုရင် စတိုင်လ်ကျလှပတဲ့ GranLusso နဲ့ ဖျတ်လတ်မြန်ဆန်တဲ့ GranSport Trim တို့ကိုလည်း ထပ်တိုးရွေးချယ်နိုင်ပါတယ်။

 

စက်စွမ်းရည်

Quattroporte S နဲ့ S Q4 မိုဒယ်တွေမှာ 3.0 Liter V6 အင်ဂျင် တပ်ဆင်ထားပြီး မိုဒယ်ခွဲသုံးခုထဲမှာ စွမ်းအားအပြည့်ဝဆုံးလို့ ဆိုရမယ့် GTS ဗားရှင်းမှာတော့ မြင်းကောင်ရေ ၅၂၃ ကောင်အား 3.8 Liter Turbocharged V8 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးကို Auto ဂီယာရှစ်ချက်နဲ့ပဲ တွဲဖက်တပ်ဆင်ထားပါတယ်။ အရင် မိုဒယ်ထက် စွမ်းအားပိုပြည့်ဝတဲ့ Quattroporte GTS ရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီကို ၁၉၃ မိုင်နှုန်းဖြစ်ပြီး အချိန် ၄ ဒသမ ၇ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ကားရဲ့ ပျမ်းမျှဆီစားနှုန်းကတော့ တစ်ဂါလန် ၁၇ မိုင်နှုန်း ဖြစ်ပါတယ်။ အထင်ကရ ဇိမ်ခံဆီဒန်ကားသစ် Quattroporte မှာ Electric Power Steering ကို ထပ်တိုးတပ်ဆင်ထားတာကြောင့် မြန်နှုန်းမြင့်မောင်းနှင်ချိန်မှာတောင် အကောင်းဆုံးထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ဒါ့ပြင် Maserati ကားတွေရဲ့ ထုံးစံအတိုင်း စွမ်းအားပြည့်ဝဖျတ်လတ်မှုနဲ့ အဆင့်မြင့်ဇိမ်ကျမှုတို့ကို ပေါင်းစပ်ထားပြီး အမြန်နှုန်းမြင့်မြင့်နဲ့ ခရီးဝေး မောင်းနှင်အသုံးပြုနိုင်ပါတယ်။

တည်ဆောက်ပုံ

ပြိုင်ပွဲဝင်ကားတွေရဲ့ဟန်နဲ့ သက်တမ်းရင့် ခရီးဝေးမောင်းကားတွေရဲ့ အမွေအနှစ်တွေကို ပေါင်းစပ်ထားတဲ့ Maserati ကားတစ်စီးလို့ ဆိုရမယ့် အရွယ်အစားပြည့် ဇိမ်ခံစပို့စ်ဆီဒန်ကား Quattroporte မိုဒယ်သစ်ရဲ့ ကိုယ်ထည်ဟာ အရင်ဒီဇိုင်းကိုပဲ ခပ်ပါးပါးမွမ်းမံထားတာပါ။ ကား ရှေ့ မျက်နှာစာမှာ ထူးခြားထင်ရှားတဲ့ Maserati ရဲ့ ပင်တိုင် ရှဲလ်(Grille) က အထင်ရှားဆုံးဖြစ်ပြီး ရှဲလ်ရဲ့အလယ်မှာ Maserati ရဲ့ အထင်ကရ အမှတ်တံဆိပ်လိုဂို ခက်ရင်းသုံးခွပုံကို တပ်ဆင်ထားပါတယ်။ ကားကိုယ်ထည်ဟာ ရှည်သွယ်တဲ့ ကားစက်ဖုံးပေါ်က သက်ဝင်လှပတဲ့ ကောက်ကြောင်းလိုင်းတွေကြောင့် ထင်ရှားပေါ်လွင်တဲ့ ရုပ်ထွက်ကို ပိုင်ဆိုင်ထားပြီးLED ကားရှေ့မီးသစ်တွေကလည်း လိုက်ဖက်ညီစွာ စတိုင်လ်ကျလှပပါတယ်။ သွယ်လျလှပတဲ့ ကားဘေးဘက်ဟာလည်း ကားရဲ့ စွမ်းအားပြည့်ဝ လှပတဲ့ရုပ်ထွက်ကို ပိုပေါ်လွင်စေပြီး ပုံမှန်ထက်ပိုရှည်တဲ့ Wheelbase (ကားရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြားအကွာအဝေး)ကတော့ ကားအတွင်းက ကျယ်ဝန်းဇိမ်ကျမှုကို သိသာထင်ရှားစေပါတယ်။ ကား အနောက်ဘက်က ခရိုမီယမ်ရောင် လေးခုတွဲအိပ်ဇောပိုက်က ကားရဲ့ ပြည့်ဝတဲ့ စွမ်းအင်နဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်ကို အရိပ်အမြွက်ဖော်ပြပေးနေပါတယ်။ ကားနောက်မီးတွေရဲ့ အောက်နားမှာတော့ GTS နဲ့ Quattroporte မိုဒယ်အမည်တွေကို ရေးထိုးတပ်ဆင်ထားပါတယ်။ ဘယ်ရှုထောင့်ကနေကြည့်ကြည့် ဆွဲဆောင်မှုရှိတဲ့ ကားတစ်စီးဖြစ်အောင် အလှပဆုံး ဖန်တီးထားတဲ့ Quattroporte ကားသစ်မှာ အပြာရောင်၊ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်နဲ့ ငွေရောင်တို့ အပါအဝင် ရွှန်းစိုလှပတဲ့ ကိုယ်ထည်အရောင်အမျိုးမျိုး ရရှိနိုင်ပါတယ်။ GTS မိုဒယ်ခွဲ ဟာ Maserati ဒီဇိုင်းအယူအဆရဲ့ သရုပ်သကန်ကို အကောင်းဆုံး ကိုယ်စားပြုထားပြီး GranSport Trim ကိုပါ ထပ်တိုးရွေးချယ်လိုက်ရင်တော့ ဆီဒန်ကားဖြစ်ပေမဲ့ ပြိုင်ကားဆန်ဆန် ပိုပြီးပေါ့ပါးသွက်လက်တဲ့ဟန်ကို ရရှိစေမှာပါ။ GranSport Trim မှာဆိုရင် ကားရှေ့ဘက်နဲ့ ဘေးဘက်လေစုပ်ပေါက်တွေက ထောင့်ချွန်းတွေကို ပိုမိုလှပအောင် မွမ်းမံဖန်တီးထားပြီး လေစုပ်ပေါက်တွေရဲ့ အောက်ဘက်က မြေဝပ်အားကောင်းစေမယ့် Splitter တွေဟာ ရှေ့မျက်နှာစာ ရှဲလ်ကို ပိုပြီး သက်ဝင်ထင်ရှားစေအောင် ထောက်ကူပေးပါတယ်။ ခပ်လျှောလျှော Side Skirt တွေ တင်မက အမြင်အာရုံကို ဖမ်းစားနိုင်လောက်အောင် ထူးခြားလှပတဲ့ အနီရောင်ဘရိတ်တုံးတွေနဲ့ ၂၁ လက်မအရွယ် Titano အလွိုင်းဘီးတွေကလည်း ကားရဲ့ စွမ်းအားပြည့်ဝတဲ့ဟန်ကိုပိုပြီးပေါ်လွင်ထင်ရှားစေပါတယ်။

အတွင်းခန်း

စွမ်းဆောင်ရည်ကို အသားပေးဖန်တီးထားတဲ့ ငါးယောက်စီး ဇိမ်ခံဆီဒန်ကားသစ် Quattroporte မှာ ကျယ်ဝန်းဇိမ်ကျမှုနဲ့ အချိုးအစား ကျနတင့်တယ်တဲ့ ကိုယ်ထည်ဒီဇိုင်းကို အလိုက်ဖက်ဆုံး ပေါင်းစပ်ထားပါတယ်။ ရှေ့နဲ့ နောက်က Sport Seat တွေကို ဇိမ်ကျသက်သာမှုရှိအောင် အကောင်းစားသားရေတွေနဲ့ ဖန်တီးထားပြီး သားရေကွပ်ထားတဲ့ စပို့စ်စတီယာရင်ကလည်း ကားမောင်းနှင်မှုနဲ့ ထိန်းချုပ်မှုကို ပိုပြီးကောင်းမွန်စေပါတယ်။ ကားဒက်ရှ်ဘုတ်ပေါ်က ရွှန်းစိုတောက်ပတဲ့ Piano Black ခေါ် အနက်ရောင် သစ်ပါးလွှာနဲ့ သံမဏိသား စပို့စ်ခြေနင်းပြားတွေကလည်း ကားရဲ့ ပြိုင်ကားဟန်လွှမ်းတဲ့ ရုပ်ထွက်ကို ပိုပြည့်စုံလှပသွားစေပါတယ်။ GranSport Trim မှာဆိုရင် စပို့စ်ထိုင်ခုံ၊ စပို့စ်စတီယာရင်နဲ့ Paddle Shifter တို့တင်မက ကာဗွန်ဖိုင်ဘာသားတွေ အသုံးပြုထားတဲ့ Interior Carbon Package ကိုလည်း ထပ်တိုးရွေးချယ်နိုင်ပါတယ်။ ကားအတွင်းမှာ ၈ ဒသမ ၄ လက်မအရွယ် Touch Screen ဖန်သားပြင်နဲ့ တွဲဖက်ထားတဲ့ Maserati ရဲ့ Infotainment System အသစ်နဲ့ Android Auto ၊ Apple Car Play ၊ နောက်ကြည့်ကင်မရာ(Rearview Camera)နဲ့ ပုံစံ ၁၂ မျိုး ပြောင်းလဲနိုင်တဲ့ ကားရှေ့ခန်းထိုင်ခုံတွေ ပါဝင်ပါတယ်။ ဒါ့ပြင် Optionနဲ့ သြတနမျ ရ Bowers and Wilkins အသံစနစ်နဲ့ Surround View ကင်မရာ စနစ်တို့ကိုလည်း ထပ်တိုးရွေးချယ်နိုင်ပါတယ်။

လုံခြုံရေး

Maserati ဟာ Quattroporte ကို ဒီဇိုင်းဖန်တီးရာမှာ လုံခြုံမှုကို ဦးစားပေးနံပါတ်တစ်အဖြစ် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ Maserati Stability Program(MSP)ဟာ အာရုံခံကိရိယာတွေသုံးပြီး ယာဉ်မောင်းနှင်မှုအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါတယ်။ MSP က အင်ဂျင်ရုန်းအားကို လျှော့ချပေးနိုင်သလို မီလီစက္ကန့်အတွင်းမှာ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဘရိတ်တွေကို လှုပ်ရှားသက်ဝင်စေနိုင်ပါတယ်။

စျေးနှုန်း

၂ဝ၁၈ မိုဒယ် Maserati Quattroporte ဇိမ်ခံစပို့စ်ဆီဒန်ကားရဲ့ စျေးကို အမေရိကန်ဒေါ်လာ ၁ဝ၆,၆၆ဝ နဲ့အထက် သတ်မှတ်ထားပြီး အဆင့်အမြင့်ဆုံး Quattroporte GTS မိုဒယ်ဆိုရင်တော့ ဒေါ်လာ ၁၁၈,၅၂ဝ နဲ့အထက် ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here