ကမ္ဘာ့ကပ်ရောဂါကြောင့် အကျပ်အတည်းများဖြင့် ရုန်းကန်နေရဆဲ အများပြည်သူသယ်ယူပို့ဆောင်ရေး

119

 

Covid-19 ရောဂါ မြန်မာနိုင်ငံကို ရောက်ရှိခဲ့သည့် အချိန်ကစပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အဆိုးဘက်သို့ ဦးတည်လာကာ လက်ရှိ အချိန်တွင် လုပ်ငန်းများ အားလုံးနီးပါး အရှုံးနှင့် ရင်ဆိုင်နေကြရပါသည်။ ထိုထဲတွင် ရန်ကုန်မြို့၏ အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ဖြစ်သည့် YBS ယာဉ်လိုင်းကုမ္ပဏီများလည်း အပါအဝင်ဖြစ်သည်။

Covid-19 ရောဂါသည် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က မြန်မာ နိုင်ငံကိုစတင်ရောက်ရှိခဲ့ပြီး ရောဂါကို ရင်ဆိုင်လာကြရသည်မှာ ကိုးလတာ ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မတ်လမှ ဇူလိုင်လအထိ Covid-19 ပထမလှိုင်းကာလ အစောပိုင်းမှစတင်ကာ ခရီးသွား မရှိသလောက်အထိ ကျဆင်းသွားခဲ့သည်။ ဇူလိုင်လတွင် ခရီးသွား ၇၀ ရာခိုင်နှုန်းခန့် မြင့်တက် လာခဲ့သော်လည်း သြဂုတ်လ အလယ်ပိုင်းတွင် Covid-19 ကူးစက်မှု ဒုတိယအကြိမ် ပြန်လည်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ ခရီးသွားများ ကျဆင်းနေဆဲဖြစ်သည်။ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ် သည့်အတွက် ခရီးသည်ကျဆင်းနေပြီး ဝင်ငွေများ အဆမတန် လျော့ကျ နေသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများမှာ အရှုံးခံ၍ ပြေးဆွဲပေးနေဆဲ ဖြစ်ပါသည်။ ထိုသို့ YBS ကုမ္ပဏီများ အရှုံး နှင့်ရင်ဆိုင်လာကြသည်မှာ ကာလအတော်ကြာပြီဖြစ်ရာ ထိုအခြေအနေကို လျော့ပါးစေရန် ကုစားဖို့ လိုနေပြီဖြစ်ပါသည်။

“ကျွန်တော်တို့ လုပ်ငန်းက ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်လို့ တခြားလုပ်ငန်းတွေလို ရပ်နားလို့လည်းမရဘူး၊ တောင့်ခံထားရတော့ ပိုရှုံးတဲ့သဘောရှိတယ်၊ ရှုံးတာကတော့ YBS ကုမ္ပဏီတွေ အားလုံးလိုလို ရှုံးမှာပဲ၊ ဒီအတိုင်းပဲ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ဘူး၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆိုတော့ ခရီးသွားရှိရင် အဆင်ပြေမယ်၊ မြန်မာနိုင်ငံကို ရောဂါပိုးရောက်လာတာကလည်း ကာလကြာ ရှည်နေပြီဆိုတော့ ရောဂါအကြောင်းကို ပြည်သူတွေလည်း ဗဟုသုတ ရှိလာပြီ၊ အဓိကက ကျန်းမာရေးအသိရှိကြဖို့ပဲ အရေးကြီးတယ်၊ အစိုးရက ပြန်ကြားချက်တွေထက် အရေးယူတာမျိုးလုပ်ပြီး ရောဂါနဲ့အတူယှဉ်တွဲ နေထိုင်ကြမယ်၊ ဖွင့်လို့ရတဲ့လုပ်ငန်းတွေ၊ ခရီးသွားလာခွင့်တွေ ပြန်ဖွင့်ပေး ဖို့ မျှော်လင့်ပါတယ်၊ ပိတ်ထားတာက ရေရှည်အတွက် အဖြေမဟုတ်ပါဘူး၊ ကြာလာရင် စားဝတ်နေရေးအတွက် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး၊ အရှုံးတွေကို ကုစားဖို့လည်း လုပ်ရမှာဖြစ်သလို ရေရှည်အတွက် ရပ်တည်နိုင်ဖို့က ကျွန်တော်တို့လုပ်ငန်းကလည်း ခရီးသွားလုပ်ငန်းဖြစ်တာကြောင့် ခရီးသွားတွေ ပြန်ထွက်၊ လုပ်ငန်းတွေ ပြန်လည်ပတ်ကြပြီဆိုရင် အဆင်ပြေပါတယ်”ဟု Power Eleven ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

YBS စနစ်သစ်စတင်ချိန်၌ ယာဉ်အသစ်များတင်သွင်းပြီး ပြေးဆွဲ သည့် ကုမ္ပဏီများလည်းရှိခဲ့ရာ ထိုကုမ္ပဏီများအနေဖြင့် ဘဏ်များနှင့် ချိတ်ဆက်၍ ယာဉ်အသစ်များ တင်သွင်းဝယ်ယူထားခြင်းဖြစ်ပြီး အရင်း ကျေကာလတစ်ခု သတ်မှတ်၍ ဘဏ်ချေးငွေများ ပေးသွင်းနေရဆဲ ဖြစ် သော်လည်း ရောဂါဖြစ်ပွားချိန်မှစတင်ကာ ဘဏ်ချေးငွေ ပေးသွင်းနိုင်ခြင်း မရှိတော့သည်အထိ ကြုံနေရသည်။ ခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့်အတွက် ပုံမှန်ပြေးဆွဲပေးနေရသော်လည်း ရေရှည်ရပ်တည် နိုင်ရန် လွန်စွာခက်ခဲနေသည့် ယခုကာလအတွင်း YBS ကုမ္ပဏီယာဉ် တစ်စီးဝင်ငွေသည် ရောဂါဖြစ်ပွားသည့် ကာလမတိုင်မီ၏ ၃၀ ရာခိုင်နှုန်း ခန့်သာ ရှိနေပြီး ယာဉ်တစ်စီးပြေးဆွဲရာ၌ ကုန်ကျသည့် ယာဉ်လုပ်သား စရိတ်၊ CNG ဖိုး၊ ယာဉ်ပြင်ဆင်စရိတ်၊ ဝန်ထမ်းစရိတ်စသည်တို့ ရရှိရန်ပင် လွန်စွာခက်ခဲနေသည်။ ကုမ္ပဏီ၏ စိုက်ထုတ်ရသည့် ငွေများဖြင့် လည်ပတ်နေသည်မှာ ကာလကြာရှည်နေပြီဖြစ်သည့်အတွက် ရေရှည်ရပ်တည်နိုင်ရေးနှင့် ယင်းအခြေအနေများလျော့ပါးရန် အတိုးနှုန်းအသက်သာဆုံးဖြစ်သည့် စိုက်ထုတ်ချေးငွေများရရှိရန် မျှော်လင့်နေကြရသည့် အခြေအနေပင်ဖြစ်သည်။

“ဒီကာလမှာ လစာပေးနိုင်အောင် မနည်းရုန်းကန်နေတဲ့ အခြေအ နေဖြစ်နေတယ်၊ Covid-19 ပထမလှိုင်းမှာ အထိနာထားတာက ဒုတိယလှိုင်းမှာ ရိုက်ချိုးခံလိုက်ရသလိုဖြစ်နေတယ်၊ ပထမလှိုင်းမှာ ယာဉ်လုပ်သား တချို့ကို လျှော့ခဲ့ရတယ်၊ ဒုတိယလှိုင်းမှာက ယာဉ်လုပ်သားတွေ အလုပ်အကိုင်ရရှိဖို့နဲ့ ပုံမှန်ပြေးဆွဲပေးနိုင်ဖို့ အဓိကထားပြီး တစ်ဝက်နား တစ်ဝက်ဆင်း အလှည့်ကျစနစ်နဲ့ လုပ်နေရတယ်၊ အဲဒီအနေအထားနဲ့ လစာပေးနိုင်ဖို့ မနည်းရုန်းကန်ရတယ်၊ ဒီအတိုင်း ရေရှည် ဆက်သွားမယ်ဆိုရင် နောက်သုံးလလောက်မှာ တော်တော်ကို ခက်ခက်ခဲခဲတွေ ဖြစ်သွားမယ်၊ ရေရှည်ရပ်တည်နိုင်ဖို့က အဆင်မပြေဘူး၊ ဘဏ်ချေးငွေတွေ အတိုးရော အရင်းရော မပေးနိုင်တာ ရရှစ်လရှိနေပြီ၊ ဘဏ်ချေးငွေမပေးဘဲ ဘယ် လောက်အထိ နေလို့ရနိုင်မှာလဲဆိုတာလည်း မသိသေးဘူး၊ ဝယ်ထားတဲ့ ကားတွေကလည်း ရောင်းထုတ်လို့မဖြစ်နိုင်ဘူး၊ ဒီရောဂါကြီးက ဘယ်လောက် ကြာရှည်ဦးမလဲ မသိနိုင်ပေမဲ့ ယာဉ်တွေကတော့ ပုံမှန်အတိုင်းပဲ ပြေးဆွဲပေးရမှာဆိုတော့ ဘဏ်အတိုးထက်နည်းတဲ့ အတိုးနှုန်းသက်သက် သာသာနဲ့ ချေးငွေရရှိရင် အချိန်ကို ဆွဲဆန့်ထားသလိုမျိုး ရေရှည်ပြေးဆွဲ ပေးဖို့ အဆင်ပြေမယ်”ဟု လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်း Chief Operation Officer ဦးကိုကိုနိုင်က ပြောသည်။

Covid-19 ပထမလှိုင်းတွင် YBS ကုမ္ပဏီအများစုက ယာဉ်လုပ်သား လျှော့ချခဲ့ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဒုတိယလှိုင်းတွင် ယာဉ်လုပ်သားများ၏ အလုပ်အကိုင်ရရှိရေး၊ ယာဉ်ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် လုပ်သားများ လျှော့ချခြင်း မလုပ်ဆောင်တော့ဘဲ အလှည့်ကျပြေးဆွဲသည့် စနစ်ကို လုပ်ဆောင်ခဲ့ကြသော်လည်း ယာဉ်တစ်စီး ပြေးဆွဲသည့်အခါ ဖြစ်ပေါ်သည့် ကုန်ကျစရိတ်များကိုပင် ပြည့်မီသော ယာဉ်လိုင်းဝင်ငွေ မရရှိသည့်အတွက် ယာဉ်လိုင်းအချို့ ရပ်နားထားရဆဲ အခြေအနေတွင် ပင် ရှိနေသည်။ YBS ယာဉ်လိုင်းကုမ္ပဏီများ၏ လက်ရှိဝင်ငွေမှာ Covid-19 မတိုင်မီကာလ၏ ၇၀ ရာခိုင်နူန်းခန့် ကျဆင်းနေဆဲဖြစ်သည့်အတွက် ယာဉ်လိုင်းများအားလုံး ပြန်ပြေးဆွဲရန် ခက်ခဲနေဆဲဖြစ်သည်။

“ကုမ္ပဏီတွေစပြီး အခက်အခဲဖြစ်တာက မတ်လကဆိုတော့ အခု ဆို ဒီဇင်ဘာလအထိတောင် ရောက်နေပြီ၊ နောက်ထပ် ဘယ်လောက် ကြာရှည်နိုင်ဦးမလဲဆိုတာလည်း မသိသေးဘူး၊ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားရုန်းကန်ပေမဲ့ ရတဲ့ဝင်ငွေနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ အနေအထားက လုံးဝ အဆင်မပြေနိုင်တာကြောင့် ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်း ကိုးလိုင်းမှာ ငါးလိုင်းပဲ ပြေးဆွဲနိုင်တယ်၊ အဲဒီ ငါးလိုင်းက အဆင်ပြေလားဆိုတော့ မပြေဘူး၊ ဒါပေမဲ့ ဝန်ထမ်းတွေအလုပ်ရဖို့နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်တာကြောင့် မဖြစ်မနေ လုပ်နေရတဲ့ သဘောပါ၊ ရေရှည်မှာ အဆင်မပြေနိုင်ပေမဲ့ အတတ်နိုင်ဆုံးကတော့ ကြိုးစားရုန်းကန်ရမှာပါ၊ အစိုးရဆီက CNG ဖိုးလျှော့ဖို့ တင်ပြထားကြပေမဲ့ အခုထိတော့ မထူးခြားသေးပါဘူး၊ ဒီအချိန်မှာ အားလုံးမှာက အခက်အခဲ ကိုယ်စီနဲ့ဆိုတော့ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အမြဲစဉ်းစားကြရတယ်၊ ရောဂါ အခြေအနေကလည်း ဘယ်လိုတွေပြောင်းလဲ လာဦးမယ်မသိတော့ အကောင်းဆုံးအနေအထား ရပ်တည်နိုင်ဖို့ ကြိုးစား ရုန်းကန်နေကြရပါတယ်”ဟု Omni Focus ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။

Covid-19 ကာလမတိုင်မီက နေ့စဉ် YBS စီးခရီးသည် ၁ ဒသမ ၉ သန်းမှ ၂ ဒသမ ၅ သန်းအထိရှိခဲ့ရာ ယခုအခါ ခရီးသည်ဦးရေ လေး သိန်းကျော်သာ ရှိသည်။ YBS စီးခရီးသည်များ ကျဆင်းနေခြင်းသည် ကာလမည်မျှ ကြာရှည်နိုင်မည် မသိနိုင်သည့်အတွက် ကုမ္ပဏီများ ရေရှည် လည်ပတ်နိုင်ရန် လွန်စွာခက်ခဲနေသည်။ ယင်းအခြေအနေများအရ ယာဉ်လိုင်းများ လျှော့ချပြေးဆွဲနေရသလို ယာဉ်အစီးရေသည်လည်း ထက်ဝက်ခန့်သာ ပြေးဆွဲနိုင်တော့သည်။ ယာဉ်အသစ်များ ဝယ်ယူပြေး ဆွဲကြသည့် ကုမ္ပဏီအများစု၏ အရင်းကျေကာလကို ငါးနှစ်မှ ခုနစ်နှစ် စသည်ဖြင့် သတ်မှတ်ခဲ့ကြသော်လည်း ရောဂါဖြစ်ပွားသည့် ကာလအပေါ်မူ တည်ပြီး ကာလသတ်မှတ်ချက်များ ပြောင်းလဲသွားမည်ဖြစ်သည့်အပြင် ယာဉ်ဝယ်ယူစဉ်က ဘဏ်ချေးငွေများသည်လည်း ပေးဆပ်နိုင်ခြင်း မရှိတော့သည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ ယင်းသို့သော အခြေအနေများကို ဖြေလျှော့နိုင်ရန်အတွက် ခရီးသည်များ ပုံမှန်သွားလာ နိုင်မည့်အချိန်နှင့် အသက်သာဆုံးအတိုးနှုန်းဖြင့် ချေးငွေများရရှိရန်သာ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ မျှော်လင့်နေကြရ တော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here