ကမ္ဘာကျော်မင်းသားကြီး Harrison Ford  နယူးယော့ခ်ယာဉ်ကြောပိတ်ဆို့မှုတွင် ကိုယ်တိုင်လမ်းရှင်း

700

Indiana Jones  ဇာတ်ကားမှ အက်ရှင် သူရဲကောင်းကြီးအဖြစ် ကမ္ဘာသိကျော်ကြားသော အမေရိကန်မင်းသားကြီး Harrison Ford သည် နယူးယော့ခ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရရာမှ ကားပေါ်မှ ဆင်းကာ ၎င်းကိုယ်တိုင် ယာဉ်ကြောရှင်းခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အသက် ၇၅ နှစ်အရွယ် မင်းသားကြီးသည် ၎င်း၏ တန်ဖိုးကြီးဇိမ်ခံကားကြီးပေါ်မှ ဆင်းပြီး ယာဉ်မတော်တဆမှု တစ်ခုကြောင့် မြေအောက်လိုဏ်ခေါင်း တစ်ခုနောက်တွင် ပိတ်ဆို့နေသည့် ကားများအား ယာဉ်ထိန်းရဲအသွင် အားမာန်အပြည့်နှင့်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အနောက်တိုင်းဝတ်စုံ သပ်ရပ်စွာဝတ်ဆင်ထားပြီး နေကာမျက်မှန်တပ်ထားသည့် မင်းသားကြီးက ရပ်စောင့်နေသည့် ကားများပေါ်ရှိ ယာဉ်မောင်းများကို ကျယ်လောင်စွာ အမိန့်ပေးနေစဉ် ဇဝေဇဝါဖြစ်နေသည့် ယာဉ်မောင်းများမှာ အလှည့်ကျ ယာဉ်ကြောပြောင်းလဲမောင်းနှင်ခဲ့ကြပြီး ၎င်း၏ကား အလှည့်ကျလာချိန်တွင် မင်းသားကြီးသည် ဘီးလှိမ့်နေသော ၎င်း၏ ဇိမ်ခံကားပေါ်သို့ ပြန်တက်ကာ မြို့တွင်းရှိ The Carlyle ဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။ အသက်အရွယ်ကြီး ရင့်နေပြီဖြစ်သော်လည်း ဆက်လက် သရုပ်ဆောင်နေဆဲ ဖြစ်သည့် Ford သည် ၁၉၈၂ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတစ်ကားအား ပြန်လည်ဆန်းသစ် ရိုက်ကူးထားပြီး မကြာမီရုံတင်တော့မည့် Blade Runner 2049  ဇာတ်ကား၌ ဇာတ်ကောင် Rick Deckard အဖြစ် ပြန်လည် ပါဝင်ထားသလို ၂ဝ၂ဝ ပြည့်နှစ် တွင်ထွက်ရှိမည့် Indiana Jones ဇာတ်ကားသစ်အတွက်လည်း စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။

 

ဖေဖော်ဝါရီလတွင် လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် လေယာဉ်ပြန်လည် မောင်းနှင်နေသည့် မင်းသားကြီးက ၎င်းလုပ်သမျှကို ဇနီးဖြစ်သူ Calista Flockhart က ကန့်ကွက် ဟန့်တားမှု မရှိကြောင်း လတ်တလော ပြောကြားခဲ့ဖူးပြီး ခင်ပွန်းသည် Ford ထက် ၂၂ နှစ်ငယ်ရွယ်သော ဇနီးဖြစ်သူ Calista ကလည်း တစ်ခါတစ်ရံတွင် သူမက Harrison ထက်ပင် အသက်အရွယ်ကြီးရင့်သလို ခံစားမိကြောင်း မဂ္ဂဇင်းအင်တာဗျူး တစ်ခု၌ ပြောကြားခဲ့သည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here