Ferrari ပြိုင်ကားကုမ္ပဏီဟာ LaFerrari ပြိုင်ကား မိုဒယ်ကို ၂ဝ၁၃ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာ Lamborghini Veneno နဲ့ McLaren P1 တို့လို နာမည်ကျော်စူပါပြိုင်ကားတွေနဲ့အပြိုင် ပွဲထုတ်ပြသ ခဲ့ပါတယ်။ LaFerrari ဟာ အလျင်မြန်ဆုံး လမ်းပေါ် မောင်းခွင့်ရ စူပါပြိုင်ကားတစ်စီးဖြစ်ရုံတင်မကဘဲ ဟိုက် ဘရစ်စွမ်းအင် အသုံးပြုထားတဲ့ ပထမဆုံး Ferrari ကားလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်မှာတော့ LaFerrari ဟိုက်ဘရစ်ပြိုင်ကားရဲ့ အထူးကန့်သတ် အမိုးဖွင့်ဗားရှင်းသစ် Ferrari LaFerrari Apertaကို ဖန်တီးထုတ်လုပ်ခဲ့ပြီး အဲဒီနှစ် ပါရီမော်တော်ကားပြပွဲ မှာပဲ ပွဲထုတ်ပြသခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်ကတည်းက ကောလာဟလထွက်ရှိခဲ့ပေမဲ့ ၂ဝ၁၆ ခုနှစ်ကျမှ အမှန် တကယ် ထွက်ရှိလာခဲ့တဲ့ LaFerrari Apertaပြိုင် ကားမိုဒယ်သစ်ကို အစီးရေနှစ်ရာပဲ ကန့်သတ်ရောင်း ချသွားဖို့ စီစဉ်ထားပြီး အဲဒီကားတွေဟာ ကြိုတင် အမှာစာတွေကနေတစ်ဆင့် အားလုံးရောင်းထွက်သွား ပါပြီ။ ၂ဝ၁၇ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဝယ်ယူထား သူတွေဆီ အရောက်ပို့ဆောင်ပေးမယ့် ၂ဝ၁၇ Ferrari LaFerrari Apertaပြိုင်ကားသစ်ရဲ့ စျေးကို အတိအကျ မသိရသေးပေမဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းတန် Coupe မိုဒယ်ထက် စျေးပိုကြီးနိုင်တာကြောင့် ကျွမ်းကျင်သူတွေကတော့ Ferrari LaFerrari Aperta ဟာ ဒေါ်လာနှစ်သန်းနဲ့ နှစ်သန်းခွဲကြားရှိလိမ့်မယ်လို့ ခန့် မှန်းထားကြပါတယ်။ အဆင့်မြင့် စူပါပြိုင်ကားစျေးကွက် မှာတော့ Pagani Huayra Roadster နဲ့ Bugatti Chiron Grand Sport တို့ဟာ ၂ဝ၁၇ Ferrari LaFerrari Apertaပြိုင်ကားသစ်အတွက် အဓိကပြိုင် ဘက်တွေ ဖြစ်လာနိုင်ပါတယ်။
တံခါးနှစ်ပေါက်နဲ့ အမိုးဖွင့် စူပါပြိုင်ကားသစ်လေး Ferrari LaFerrari Apertaရဲ့ ကိုယ်ထည်အောက်ပိုင်းဟာ သူ့နောင်တော် Coupe မိုဒယ် နဲ့ ခပ်ဆင်ဆင်တူပြီး ခေတ်သစ်စူပါပြိုင်ကားတစ်စီး ပီသရုံတင်မကဘဲ Ferrari ထုတ် ပြိုင်ကားတွေကြားမှာ LaFerrari တစ်စီးအဖြစ် သီးသန့်ထူးခြားကွဲပြားနေစေမယ့် ခံ့ညားလှပတဲ့ ကောက် ကြောင်းလိုင်းတွေလည်း ပါဝင်ပါတယ်။ ပုံမှန် LaFerrari ကားတစ်စီးလို ကိုယ်ထည်ကျစ်လျစ်ကြံ့ခိုင်မှုရှိ အောင် ဖန်တီးတည်ဆောက်ထားတဲ့ LaFerrari Aperta ရဲ့ ကိုယ်ထည်ဒီဇိုင်းဟာ ခေတ်လွန်ကားတစ်စီး ဟန်ပေါက်ပေမဲ့ ဂန္ထဝင် Ferrari ကားတွေရဲ့ ဒီဇိုင်း အပြင်အဆင်လေးတွေလည်း မပျောက်ပျက်သွားပါ ဘူး။ Coupe မိုဒယ်နဲ့ အထူးခြားဆုံးကွဲပြားသွားတာ ကတော့ အဖွင့်၊ အပိတ် လုပ်နိုင်အောင် အထူးမွမ်းမံပြင် ဆင်ထားတဲ့ ကားခေါင်မိုးပါပဲ။ ကားခေါင်မိုးအဖြစ် ပိတ်သားနဲ့ ပြုလုပ်ထားတဲ့ ခေါင်မိုးပျော့ကို အသုံးပြု ပေးထားပြီး ကာဗွန်ဖိုင်ဘာသား ခေါင်မိုးမာကိုလည်း ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ ခေါင်မိုးဖွင့်ထားတဲ့အခါ LaFerrari ရဲ့ ရုပ်ထွက်ကို ထူးခြားကွဲပြားလှပစေပြီး ပုံမှန် LaFerrari တစ်စီးမှာ မတွေ့ရတဲ့ LeMans ပြိုင်ပွဲဝင်ကားပုံစံ အသွင်အပြင်မျိုးကိုလည်း ရရှိစေပါ တယ်။ နောက်ထပ် ထူးခြားချက်တစ်ခုက Ferrari ထုတ် အမိုးဖွင့်ပြိုင်ကားအတော်များများဟာ Coupe ဗားရှင်းရဲ့ အင်ဂျင်စက်ဖုံးပုံစံနဲ့ ကွဲပြားလေ့ရှိပေမဲ့ LaFerrari Aperta ကတော့ သူ့ရဲ့ Coupe နောင်တော် မှာ တွေ့မြင်ခဲ့ရတဲ့ Vပုံစံ ဖန်သားဧရိယာနဲ့ အင်ဂျင် စက်ဖုံးပုံစံမျိုးကိုပဲ အမွေခံရရှိထားပါတယ်။ ကိုယ်ထည် ဘေးဘက်ကလည်းCoupe ဗားရှင်းနဲ့ ခပ်ဆင်ဆင် တူပေမဲ့ အသေးစိတ်ကြည့်မယ်ဆိုရင်တော့ ခပ်ပါးပါးလေးကွဲပြားနေတဲ့လေခွင်းအစိတ်အပိုင်း တွေကို တွေ့မြင်နိုင်ပါတယ်။ လေခွင်းအစိတ်အပိုင်းသစ်တွေ ထဲမှာ လေကာမှန်ရဲ့ အပေါ်ထောင့်က အရွယ်အစားသေးငယ်တဲ့ L ပုံစံ Flap နှစ်ခုလည်း ပါဝင်ပြီး ကိုယ်ထည်ရဲ့ လေခွင်းအစိတ်အပိုင်းတွေ အားလုံးဟာ ကားအမိုးဖွင့်ထားချိန်မှာ ကားနောက်ပိုင်း ကနေ လေဆွဲအား လျော့နည်းစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ Coupe မိုဒယ်နဲ့ ကွဲပြားတဲ့ နောက်ထပ် ကိုယ်ထည်အစိတ်အပိုင်းတစ်ခုကတော့ ကားတံခါး အနေအထားပဲဖြစ်ပြီး ကားအမိုးဖွင့်တဲ့အခါ အဆင်ပြေ စေဖို့ ကားတံခါးထောင့်ချိုးစနစ်ကို မွမ်းမံပြောင်းလဲထား ပါတယ်။ LaFerrari Aperta မှာ Coupe မိုဒယ်လို လိပ်ပြာတောင်တံခါးမျိုးပဲ တပ်ဆင်ထားပေမဲ့ ကားတံခါးကို အပြည့်ဖွင့်မယ်ဆိုရင် တံခါးထောင့်ချိုးက ခပ်ပါးပါးလေး ကွဲပြားပြောင်းလဲသွားမှာပါ။
ပုံမှန် LaFerrari မိုဒယ်လို ဟိုက်ဘရစ်စွမ်းအင် ကိုပဲ အသုံးပြုထားတဲ့ LaFerrari Aperta ပြိုင်ကားသစ်မှာ 6.3 Liter V12 အင်ဂျင်ကိုပဲ Ferrari ရဲ့ HY-KERS ဟိုက်ဘရစ်စနစ်နဲ့ ပေါင်းစပ်ထားပါတယ်။ သမားရိုးကျ လောင်စာဆီသုံး အင်ဂျင်ကနေ မြင်းကောင်ရေ ၇၈၉ ကောင်အားအထိ ထုတ်လုပ်ပေးမှာ ဖြစ်ပြီးKERS Unit လျှပ်စစ်မိုတာကနေ မြင်းကောင် ရေ ၁၆၁ ကောင်အား ထပ်ထုတ်ပေးနိုင်တာကြောင့် LaFerrari Aperta ရဲ့ စုစုပေါင်းစွမ်းအင်ဟာ မြင်းကောင်ရေ ၉၅ဝ အား ဖြစ်ပါတယ်။ တခြားအမိုးဖွင့်မိုဒယ်တွေလိုမဟုတ်ဘဲ သူ့ရဲ့ Coupe ဗားရှင်းနဲ့ စွမ်းဆောင်ရည်ချင်းတူညီတဲ့ LaFerrari Aperta ရဲ့ အဓိကအားသာချက်ကတော့ အင်ဂျင်အစိတ်အပိုင်း တချို့နဲ့ ကားကိုယ်ထည်က လေခွင်းအစိတ်အပိုင်းတွေ ကို မွမ်းမံပြောင်းလဲထားတာကြောင့်ပါပဲ။ ကားအင်ဂျင် ကိုတော့ F1 Dual Clutch ဂီယာခုနစ်ချက်နဲ့ တွဲဖက် ပေးထားပါတယ်။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၂၁၇ မိုင်နှုန်းနဲ့အထက်ဖြစ်ပြီး သုံးစက္ကန့် မပြည့်ခင် အချိန်အတွင်းမှာပဲ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြင့်တင်နိုင် တာကြောင့် Coupe ဗားရှင်းထက် စွမ်းဆောင်ရည်မနိမ့်ပါဘူး။ LaFerrari Aperta ရဲ့ နှစ်ယောက်စီး ကားအ တွင်းခန်းဟာ ဒီဇိုင်းပုံစံနဲ့ ပါဝင်တဲ့အသုံးအဆောင် ပစ္စည်းတွေကအစ Coupe ဗားရှင်းနဲ့ ခပ်ဆင်ဆင်တူပြီး အစဉ်အလာမပျက်တဲ့ Ferrari ဇိမ်ခံအသုံးအဆောင် တွေနဲ့ ပြိုင်ကားဆန်ဆန် အစိတ်အပိုင်းတွေကို အလိုက် ဖက်ဆုံး ပေါင်းစပ်ဖန်တီးထားပါတယ်။ ကားအတွင်း မှာလည်း ကာဗွန်ဖိုင်ဘာသားတွေကို ဖောဖောသီသီ အသုံးပြုထားပြီး အလေးချိန်ပေါ့ပါးအောင် ကားထိုင်ခုံ တွေကိုပါ ကာဗွန်ဖိုင်ဘာတွေ အသုံးပြုထားပါတယ်။