ကနီမြို့နယ် အလောင်းတော်ကဿပဖြတ်လမ်း ၂၉/၂ မိုင်မှ သစ်ရာပင်ကျေးရွာ (ကနီအပိုင်း)ကို ဂျင်းလမ်းဖောက်လုပ်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး အထွေထွေရန်ပုံငွေ ပိုလျှံပါက ဆောင်ရွက်ပေးမည်

179

ကနီ၊ ဇွန် ၁၄

ကနီမြို့နယ် အလောင်းတော်ကဿပဖြတ်လမ်း ၂၉/၂ မိုင်မှ သစ်ရာပင်ကျေးရွာ (ကနီအပိုင်း)ကို ဂျင်းလမ်းဖောက်လုပ်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အထွေထွေရန်ပုံငွေ ပိုလျှံပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောကြားသည်။

“ဂျင်းလမ်းအဆင့်မြှင့်တင်မည်ဆိုပါက ခန့်မှန်းကျပ် သန်းရှစ်ဆယ် ကုန်ကျမှာဖြစ်ပါတယ်၊ အဲဒီလမ်းပိုင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အထွေထွေပိုလျှံရန်ပုံငွေနဲ့ လုပ်ငန်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်လို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် * ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၈ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၏ ‘မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း ၂၉ မိုင် ၂ ဖာလုံမှ သစ်ရာပင်ကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းအား ဂျင်းခင်းလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းမှ သစ်ရာပင်ကျေးရွာ အဝင်လမ်း (ကနီအပိုင်း)သည် အဆိုပါလမ်းပိုင်း မိုင်တိုင် ၂၉/၂ လမ်းဆုံမှ ဝင်ရောက်ရပြီး အလောင်းတော်ကဿပသို့ သွားရာဖြတ်လမ်းတစ်ခုဖြစ်သည့်အပြင် လမ်းအမျိုးအစား Class (A) နှင့် ဦးစားပေးအဆင့်-၃ လမ်းဖြစ်ကြောင်း၊ မြေပြင်အခြေအနေတွင် ၄/၁ မိုင်ရှိပြီး ၁၈ ပေအကျယ်ရှိ မြေသားလမ်းကို လက်ရှိအသုံးပြုသွားလာလျက်ရှိသည့်အပြင် ဂျင်းလမ်းအဆင့်မြှင့်မည်ဆိုပါက ရေမြောင်းအပါအဝင် လမ်းနယ်ကို ပေ သုံးဆယ်အကျယ်ရရှိမှသာ လမ်းရေရှည်တည်တံ့မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ထပ်မံပြောကြားသည်။

“ပထမ တစ်မိုင်ကို မြေ တစ်ပေ၊ ဂျင်း ရှစ်လက်မခင်းခြင်းနဲ့ ကျန် ၃/၁ မိုင်ကို ဂျင်း ရှစ်လက်မခင်းခြင်း၊ စုစုပေါင်း ၄/၁ မိုင် × ၁၈ ပေကို အဆင့်မြှင့်တင်မယ်ဆိုရင် ခန့်မှန်းကုန်ကျငွေ ကျပ် သန်းရှစ်ဆယ် ကုန်ကျမှာဖြစ်ပါတယ် * ဟု ၎င်းက ထပ်မံပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဦးထွန်းထွန်း၀င်း FB

LEAVE A REPLY

Please enter your comment!
Please enter your name here