ကနဦး  ကျပ်တစ်သိန်းနီးပါးပေးသွင်း၍   တရုတ်  CZI  နှင့်  110 ဆိုင်ကယ်များအရစ်ကျစနစ်ဖြင့် ရောင်းချ

1238

ဆိုင်ကယ်စျေးကွက်ယှဉ်ပြိုင်မှု များပြားနေသည့် မန္တလေးမြို့တွင် ပထမဦးဆုံး ငွေ ၉၉,ဝဝဝ ကျပ် သွင်းရုံဖြင့် တရုတ် CZI နှင့် 110 ဆိုင်ကယ်တစ်စီး ဝယ်ယူနိုင်မည့် အရစ်ကျစနစ်ကို Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ စတင်ရောင်းချပေးနေကြောင်း သိရသည်။

 

”ဆိုင်တွေက အပြိုင်အဆိုင် အရစ်ကျစနစ်ကို စျေးလျှော့ပြီး ပုံစံမျိုးစုံနဲ့ ရောင်းနေတော့သူများ နဲ့မတူတဲ့ စျေးကွက်စနစ်သစ်တစ်ခု ထွင်မှရမယ်၊ ဒါကြောင့် အခု ဘယ်သူမှမရောင်းသေးတဲ့ ကျပ် ၉၉,ဝဝဝ သွင်းရုံနဲ့ တရုတ်ဆိုင်ကယ်တစ်စီး တစ်နှစ်အရစ်ကျစနစ်နဲ့ ပိုင်ဆိုင်နိုင်မယ့်အစီအစဉ်ကို ဒီလ ၂ဝ ရက်ကတည်းက စလုပ်ပေးနေတယ်၊ အခုမှ အစဖြစ်တဲ့အတွက် လောလောဆယ်တော့ CZI နဲ့ 110 ဆိုင်ကယ် အမျိုးအစား နှစ်မျိုးပဲ ဝယ်လို့ရဦးမယ်”ဟု ယင်းစနစ်ဖြင့် ပထမဦးဆုံး စတင်ရောင်းချပေးနေသည့် မန္တလေးမြို့ ‘ Yamasuki ဆိုင်ကယ် အရောင်းပြခန်း’ပိုင်ရှင် ကိုဇော်ကြီး က ဆိုသည်။

 

တရုတ်နိုင်ငံထုတ် Kamax ၊ JJXY စသော တံဆိပ်သစ်ဆိုင်ကယ်များထဲမှ CZI နှင့် 110 ဆိုင်ကယ်အမျိုးအစားများကို ကျပ် ၉၉,ဝဝဝ ကနဦးပေးသွင်းပြီး ကျန်ငွေကို တစ်လလျှင် နှစ်ကျပ်ခွဲအတိုးနှုန်းဖြင့် တစ်နှစ်ဆပ်ရမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ နှစ်ကျပ်ခွဲသာရှိ၍ ဆိုင်ကယ် တစ်စီးလျှင် လက်ငင်းဝယ်ယူသည့် စျေးထက် ကျပ်တစ်သိန်းခွဲဝန်းကျင်သာ ပိုသွားမည်ဖြစ်ပြီး အခြေခံ လူတန်းစားများအတွက် အဆင်ပြေစေနိုင်ကြောင်း မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

 

”ကျန်ငွေပေါ်မှာ တစ်လကို နှစ်ကျပ်ခွဲတိုးပဲ ပေးရမှာဖြစ်တဲ့အတွက် ငါးသိန်းကျော်တန်ဆိုင်ကယ် တစ်စီးကို ခြောက်သိန်းခွဲလောက်နဲ့ ဝယ်ရသလိုတော့ ဖြစ်သွားမယ်၊ ဒါပေမဲ့ တစ်လမှ ၄၄,ဝဝဝ နှုန်းကို လစဉ် တစ်နှစ်ပဲ ပေးသွင်းရမှာဖြစ်တဲ့အတွက် အခြေခံလူတန်းစားတွေအတွက်တော့ အများကြီးတန်ပါ တယ်”ဟု ကိုဇော်ကြီးက ထပ်မံဆိုသည်။

 

ယင်းစနစ်ဖြင့် ဝယ်ယူလိုပါက ဝယ်ယူသူ၏ မှတ်ပုံတင်မူရင်း/ မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနှင့် အာမခံပေးမည့်သူ တစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူစသော ထောက်ခံစာများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

”မန္တလေးမှာ အရစ်ကျစနစ် နဲ့ စရောင်းကတည်းက ဆိုင်ကယ် တစ်ပတ်ရစ်ဝယ်တဲ့နှုန်း ကျသွား တယ်၊ အခု အရစ်ကျကို ကနဦးသွင်းစျေး လျှော့ရောင်းကြတယ်ဆိုမှတော့ တစ်ပတ်ရစ်စျေးကွက်ပျက် ပြီပေါ့၊ ပထမဦးဆုံး တစ်သိန်းလောက်ပဲသွင်းရမယ့်ဟာ ဘယ်သူက စီးပြီးသားဘီး ဝယ်တော့မလဲ၊ အသစ်ဘီးပဲ အရစ်ကျဝယ်ကြတော့မှာပေါ့ ”ဟု မန္တလေးမြို့ ၅၉ ဆိုင် ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်း တစ်ဦးက သုံးသပ်သည်။

 

မန္တလေးမြို့တွင် ဆိုင်ကယ်များကို အရစ်ကျစနစ်ဖြင့် ၂ဝ၁၃ ခုနှစ်မှ စတင်ရောင်းချလာကြပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များ နှင့်ချိတ်ဆက်ကာ ကနဦး ၃ဝ ရာ ခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်း ပေးသွင်း၍ ကျန်ငွေကို တစ်နှစ်ပေးချေသည့် ပုံစံအသီးသီးဖြင့် ရောင်းချမှု ရှိခဲ့သော်လည်း ကနဦးငွေ ကျပ် ၉၉,ဝဝဝ သွင်းရုံဖြင့် တရုတ်ဆိုင် ကယ်အသစ်တစ်စီး ပိုင်ဆိုင်နိုင်မည့်  အရစ်ကျရောင်းချမှုမှာ မန္တလေးတွင် ပထမဦးဆုံးဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here