ကနဦးယာဉ် မှတ်ပုံတင်လုပ်ငန်းများ ရပ်ဆိုင်းထား၍ Suzuki Myanmar ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများ ဒီဇင်ဘာလမှစ၍ ယာယီရပ်နားမည်

217

 

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကနဦးယာဉ် မှတ်ပုံတင်လုပ်ငန်းများ ရပ်ဆိုင်းထား၍ Suzuki Myanmar ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများကို ဒီဇင်ဘာလမှစ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း Suzuki Myanmar Motor ကုမ္ပဏီမှ သိရသည်။

ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ကုမ္ပဏီ၏ မော်တော်ယာဉ် ရောင်းချရမှုများ ရပ်တန့် နေသည်ဖြစ်ရာ Suzuki Thilawa Motor ကုမ္ပဏီနှင့် Suzuki Myanmar Motor ကုမ္ပဏီနှစ်ခုစလုံး၏ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများကို လာမည့်လမှစ၍ ယာယီရပ်နားမည်ဖြစ်သည်။

“ RTAD တွေ ပိတ်ထားတာက အဓိကသက်ဆိုင်တာပေါ့၊ ထုတ်ပြီးသားကားတွေကို လိုင်စင်ဝင်လို့မရတော့ သိမ်းမထားနိုင်တော့ဘူး၊ လိုင်စင်ဝင်လို့မရတော့ ဈေးကွက်လည်း ဖြန့်လို့မရလို့ ဆက်ပြီးသိမ်းထားဖို့ စက်ရုံက နေရာအခက်ခဲရှိလာတယ်၊ ငှားထားရတဲ့ နေရာ ခုနစ်ခုအတွက် စရိတ်ကလည်း တစ်လတစ်လ မနည်းကုန်ကျနေတယ်၊ စက်ရုံနေရာမလောက်လို့ အပြင်မှာ နေရာငှားထားရတာလည်း မလောက်တော့ဘူး၊ ကိုဗစ်ကာလဆိုတော့ ထုတ်လုပ်မှု တစ်ဝက်လျှော့ထားတာတောင် မရောင်းရသေးတဲ့ကားအစီးရေ ၂,၁၄၀ ရှိတယ်၊ ဒါကြောင့် ဒီဇင်ဘာ ၁ ရက်ကစပြီး ယာယီရပ်နားမှာ ဖြစ်ပါတယ်”ဟု Suzuki Myanmar Motor မှ Managing Officer ကိုမျိုးမင်းထွန်းက ဖြေကြားသည်။

Suzuki Myanmar သည် Suzuki Myanmar Motor စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ သန်းနှင့် Suzuki Thilawa Motor စက်ရုံ အတွက် အမေရိကန် ဒေါ်လာ သန်း တစ်ရာကျော်ရင်းနှီးမြှုပ်နှံထားပြီး Suzuki အမှတ်တံဆိပ် ကားအမျိုးစားများဖြစ်သည့် Ertiga ၊ Ciaz ၊ Swift နှင့် Carry (Pick-up) ကားအမျိုးအစားများကို တစ်လလျှင် အစီးတစ်ထောင့်ခန့် ထုတ်လုပ်ကာ မြန်မာတစ်နိုင်ငံလုံးတွင် Dealer ၅၈ဦးခန့်အပ်၍ ရောင်းချပေးနေခြင်းဖြစ်သည်။

စက်ရုံများယာယီရပ်နားခြင်းကို ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုနှင့် ထုတ်လုပ်ပြီးသည့်ကားများ ရောင်းချနိုင်ခြင်းတို့အပေါ်မူတည်၍ ထုတ်လုပ်သည့်လုပ်ငန်းများကို ပြန်လည်စတင်မည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here