ကနဦးမှတ်ပုံတင်လုပ်ငန်းများကို Online Booking စနစ်ဖြင့် ပြန်လည်ခွင့်ပြုပေးပြီးနောက် လှုပ်ခတ်လာသည့် ကားဈေးကွက်

266

 

Covid-19 ရောဂါ ကူးစက်မှုအခြေအနေများကြောင့် ယာယီပိတ်ထား သည့် မော်တော်ယာဉ်နှင့်ဆက်စပ်သည့် လုပ်ငန်းများထဲမှ ကနဦးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှစ၍ Online Booking စနစ်ဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။ ထိုသို့ဖွင့်လှစ်ရာတွင် တစ်ရက်လျှင် ထောက်ကြန့်ကညနရုံး၌ အစီး ၁၄၀၊ မန္တလေးကညနရုံး၌ အစီး ရှစ်ဆယ်၊ နေပြည်တော်နှင့် ရွာသာကြီးကညနရုံးတို့၌ အစီး ငါးဆယ်စီ ခွင့်ပြုမည်ဖြစ်သည်။ ကနဦးမှတ်ပုံတင်ယာဉ်လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခြင်းကြောင့် ရောင်းရန်ခက်ခဲနေသည့် Brand New ကားဈေးကွက်မှာ ပြန်လည်လှုပ် ခတ်လာသော်လည်း ပြည်တွင်းထုတ်ကားများမှာ အဝယ်ဆက်ပြီး အေး နေသည်။ သို့ရာတွင် ကားသစ်ဈေးကွက်၌ အကောက်ခွန်၊ ကညနခွန်များကို ဖြေလျှော့ပေးထားခြင်းကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းရသည့် ကားများမှာ အခွန်သက်သာပြီး တင်သွင်းမှုပိုများသလို ဈေးကွက်ဝယ်လို အားလည်း ကောင်းနေသည်။ ကနဦး မှတ်ပုံတင်ယာဉ်လုပ်ငန်းများကို Online Booking စနစ်ဖြင့် ပြန်လည်ခွင့်ပြုလိုက်ခြင်းကြောင့် ကား ဈေးကွက် ပြန်လည် လှုပ်ခတ်လာသည်ဆိုသော်လည်း Covid-19 ရောဂါ ကူးစက်မှုအခြေအနေများကြောင့် နယ်အဝယ်များမရှိ၍ မျှော်မှန်းသလောက် အရောင်းအဝယ် ဖြစ်မလာနိုင်သေးကြောင်း ကားလုပ်ငန်းရှင်များ၏ သုံးသပ် ချက်အရ သိရသည်။

“ကညနက ကနဦးမှတ်ပုံတင်လုပ်ငန်းကို မဖွင့်ပေးခင်ကတော့ ရောင်းရခက်ပြီး အရောင်းအဝယ်လည်း သိပ်မဖြစ်ခဲ့ဘူး၊ အခုပြန်ဖွင့်လိုက် ပြီဆိုတော့ ဈေးကွက်ပြန်ပြီး လှုပ်ခတ်လာမယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ လည်း လက်ရှိမှာက ကိုဗစ်ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးတော့ နယ်အဝယ်တွေက ဆင်းခွင့်မရသေးဘူး၊ နယ်အဝယ်မဆင်းတဲ့အတွက်လည်း ဈေးကွက်က အရင်လိုအရောင်းအဝယ်ပြန်ဖြစ်ဦးမယ်လို့ မထင်ဘူး၊ ဝန်ထမ်းပါမစ်ပေးရင် ဈေးကွက်အပေါ်မှာ အနည်းငယ်ပဲ သက်ရောက်မှာပါ၊ ပါမစ်မရောင်းဘဲ ကားစီးမယ့်ဝန်ထမ်းတွေအတွက်က အကျိုးရှိပါတယ်၊ ပြန်ရောင်းရင် ဘယ်လောက်ရမလဲဆိုတာကတော့ မှန်းဆမရပါဘူး”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ပြောသည်။

လက်ရှိတွင် မော်တော်ယာဉ်အသစ်များ ကနဦးမှတ်ပုံတင်ခွင့် ပြန်လည်ခွင့်ပြုခြင်းကြောင့် ဈေးကွက် ပြန်လည် လှုပ်ခတ်လာသည်။ ဒေါ် လာဈေးကျခြင်းနှင့် အခွန်သက်သာခွင့်များ ရရှိထားခြင်းတို့ကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းရောင်းချလာသည့် ကားများအပေါ် စိတ်ဝင်စားသူ ပိုများသွားသည့်အတွက် ပြည်တွင်းထုတ် SKD ကားများ အဝယ်ပြန် အေးသွားသည်။ ကားသစ်ဈေးကွက်တွင် ကျပ်သိန်းလေးရာဝန်းကျင်ကားများ ရေပန်းစားနေပြီး ဝယ်ယူသူလည်း ပိုများလာရာ ဈေးကွက်အကြိုက် ညာမောင်းကားများမှာ ကားအမျိုးအစားနှင့် အက္ခရာအပေါ်မူတည်၍ ဈေးကျသွားသည်။

“ပြည်ပကနေ CBU နဲ့သွင်းတဲ့ ကားအမျိုးအစားတွေအရ အရောင်းအဝယ်ပိုပြီးကောင်းပါတယ်၊ Nissan Altima ၊ Mitsubishi ASX ၊ Chevrolet Trailblazer ၊ Mitsubishi Eclipse Cross ၊ Chevrolet Malibu တို့လိုကားတွေ တော်တော်လေးရောင်းရပါတယ်၊ ကညနက RTAD ပြန်ဖွင့်လိုက်ပြီဆိုတော့ အရောင်းအဝယ်တွေ ပိုပြီးကောင်းလာနိုင်ပါတယ်၊ ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ပြီးတော့ အရမ်းကြီးအာရုံစိုက်တာမျိုး မရှိတော့ဘူး၊ ဘာလို့ဆို ဒီအချိန်မှာ Brand အလိုက်က Promotion အသီးသီးနဲ့ ရောင်းပေးနေတာရယ်၊ အခွန်သက်သာခွင့်တွေကြောင့် ကားဈေးတွေ သင့်တင့်နေတဲ့အတွက် လိုအပ်တဲ့သူကတော့ ဝယ်ကြပါတယ်၊ ဝန်ထမ်းမဟုတ်တဲ့သူ တော်တော်များများက သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ခံယူတဲ့ပုံစံမျိုး ရှိလာကြပါတယ်၊ ကိုဗစ်ရောဂါကူးစက်မှုတွေလည်း ထိန်းချုပ်လာနိုင်မယ်၊ နယ်အဝယ်တွေလည်း ပြန်ဆင်းလာခဲ့ရင်တော့ ကားဈေးကွက်က အဝယ်မျှသွားမယ်လို့ ယူဆပါတယ်”ဟု PPE9 Automobile မှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်က ပြောသည်။

ဝန်ထမ်းပါမစ်များကို ယခုလမှစ၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အသိပေးအကြောင်း ကြားစာပို့ထားပြီးဖြစ်ကာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များကို ၃၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၅၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များကို ၂၅၀ဝ စီစီနှင့်အောက် ကျပ် သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ညွှန်ကြားရေးမှူးများကို ၂၀ဝ၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန် ကြားရေးမှူးများကို ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်အဆင့်ကို SKD ကားများဝယ်ယူပါက ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှ သော စက်ရုံထုတ်ရောင်းဈေးနှင့် အရောင်းပြခန်းမှ မော်တော်ယာဉ်များ ဝယ်ယူပါက ၁၃၅၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုးကားများကို ဝယ်ယူခွင့်ပြုမည် ဖြစ်သည်။

“ကညန ပိတ်ထားတဲ့အတွက်ကြောင့် အရောင်းအဝယ်လုပ်ရတာ အခက်အခဲတော့ ရှိပါတယ်၊ ဒါပေမဲ့လည်း ဝယ်ယူသူဘက်က Cancel ပြန်လုပ်သွားတာမျိုးတော့ မရှိပါဘူး၊ အခု RTAD ပြန်ဖွင့်လိုက်တဲ့အတွက် အရောင်းအဝယ် ပြန်ကောင်းလာမလားဆိုတာက ခန့်မှန်းခြေက ၅၀ ရာ ခိုင်နှုန်းပဲ ရှိပါတယ်၊ ဝန်ထမ်းပါမစ်ကလည်း ထွက်လာပြီဆိုတော့ အခြေ အနေစောင့်ကြည့်ရဦးမှာပါ”ဟု Hyundai Motor Myanmar မှ Marketing Managerကိုမျိုးဝင်းက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here