ကနဦးမှတ်ပုံတင်ခွင့် ပိတ်ထား၍ ရောင်းရန်ခက်ခဲနေသည့် ကားသစ်ဈေးကွက်

199

 

ဆန်းသစ်အောင်

Covid-19 ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးများမဖြစ်စေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်ခြင်းနှင့် အခြား မော်တော်ယာဉ် လုပ်ငန်းများကို ယာယီရပ်နားထားဆဲဖြစ်သည့်အတွက် မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်ခွင့်မရ၍ ကားအရောင်းအဝယ်မှာ Pre-order ဖြင့်ပင် အရောင်းအဝယ်ပြုရန် ခက်ခဲနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

“COVID-19 ဖြစ်နေတာမှန်ပေမဲ့ ရေရှည်ရပ်ထားဦးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးအသက်ဝင်ဖို့ ခက်ခဲနိုင်ပါတယ်၊ အွန်လိုင်းဘိုကင်စနစ်နဲ့ မော်တော်ယာဉ်အသစ်တွေအတွက် ကနဦးမှတ်ပုံတင်လုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုပေးသင့်ပါတယ်၊ ဥပမာ-SKDနဲ့ ထုတ်လုပ်နေတဲ့ကားတွေထဲက ကနဦး မှတ်ပုံတင်ခွင့်မရတာ ကြာလာတော့ ရင်လေးစရာဖြစ်တာပေါ့၊ သူတို့က လေး၊ ငါး၊ ခြောက်လစာ မျှော်မှန်းပြီး Sales Plan ကို ချထားရတာ၊ စက်ရုံကလည်း ကားတွေ ထုတ်ထားပြီးသား၊ ကညနကလည်း မှတ်ပုံတင်ခွင့်မပေးရင်၊ ဝယ်သူဘက်ကလည်း ဒီကားတွေမယူကြတော့ရင် ရိုက်ခတ်မှုတောင် ဖြစ်လာနိုင်တယ်၊ ရင်းနှီးမြှုပ်နှံနေသူတွေကလည်း ဒီကိစ္စကို ငြိုငြင်လာလိမ့်မယ်၊ လက်ရှိလိုတဲ့သူက လာဝယ်ကြတာပါပဲ၊ အသစ်ဈေးကွက်ကို ဝယ်သူကပိုပြီး စိတ်ဝင်စားလာကြတယ်၊ ဒါပေမဲ့ မှတ်ပုံတင်ခွင့်မရတော့ မှတ်ပုံမတင်ဘဲစီးရင် ယာဉ်ထိန်းရဲဖမ်းမှာလည်း ဝယ်သူဘက်က စိုးရိမ်တာလည်းရှိတယ်”ဟု YMAMDA ဥက္ကဌ ကိုမင်းမင်းမောင်က ပြောသည်။

လက်ရှိတွင် မော်တော်ယာဉ်အသစ်များမှာ ကနဦးမှတ်ပုံတင်ခွင့် ပိတ်ထား၍ ရောင်းချနိုင်ရန်ခက်ခဲနေပြီး ဒေါ်လာဈေးကျခြင်းနှင့် အခွန်သက်သာခွင့်ပေးထားခြင်းတို့ကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းရောင်းချလာသည့် ကားများအပေါ် စိတ်ဝင်စားသူပိုများသွားသည်။ ဈေးကွက်အကြိုက် ညာမောင်းကားများမှာ ကားအမျိုးအစား၊ မိုဒယ်နှင့် အက္ခရာနံပါတ်အပေါ် မူတည်ပြီး ၂၀ ရာခိုင်နှုန်းအထိ ဈေးကျသွားကာ ဝယ်လိုအားထက် ရောင်းလိုအား ပိုများလာသည်။

“ဒီအခြေအနေမှာ Taxi မစီးချင်လို့အရစ်ကျနဲ့ ဝယ်စီးတာမျိုးတွေလည်းတွေ့ရပါတယ်၊ အသစ်ရောအဟောင်းရော အဝယ်လာကြပါတယ်၊ CBUနဲ့ တင်သွင်းတဲ့ ကားတော်တော်များများကတော့ အခုနောက်ပိုင်း အမေးများသလို ရောင်းလည်းရောင်းရပါတယ်၊ အခွန်သက်သာလို့ ဈေးတန်သွားတာကြောင့်လည်း ပါမယ် ထင်ပါတယ်၊ အပိုပစ္စည်း အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် Chevrolet Brand တစ်ပတ်ရစ်တွေကတော့ ပိုပြီးရောင်းရပါတယ်၊ ပြည်ပကသွင်းတဲ့ CBU တွေလောက်ပဲစိတ်ဝင်စားကြပြီး ပြည်တွင်း ကားအရောင်းပြခန်းတွေက ကားသစ်တွေကျတော့ စိတ်ဝင်စားမှုနည်းနေတာတွေ့ရပါတယ်၊ SKD ဈေးကွက်ကလည်း အရင်က အပြိုင်အဆိုင်ဖြစ်ခဲ့ပေမဲ့ CBU တွေအခွန်သက်သာခွင့် ရသွားပြီးတဲ့နောက်မှာ သူ့ဘက်ကိုလှည့်တဲ့သူမရှိသလောက် ဖြစ်သွားတယ်၊ ဈေးချင်းတူရင် SKD ကိုမစီးချင်တဲ့သူများတာ တွေ့ရပါတယ်၊ ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကတော့ ပိုင်ရှင်အမည်၊ နယ်လိုင်စင်နဲ့ နံပါတ်ယူခွင့်ရတဲ့အတွက် အမေးနည်းသွားပေမဲ့ ရန်ကုန်အမည်ပေါက်စလစ်ဆိုရင် ကျပ်သိန်းတစ်ရာပေါက်ဈေးရှိပြီး နယ်စလစ်ကတော့ ကျပ်သိန်း ခုနစ်ဆယ်ဝန်းကျင် ရှိပါတယ်” ဟု Matt Glory Auto Services မှ CEO ကိုသန့်စင်လင်းက ပြောသည်။

ကနဦးမှတ်ပုံတင်ခြင်းနှင့် အခြားမော်တော်ယာဉ်လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းထားဆဲဖြစ်ရာ ကားအရောင်းအဝယ်ဈေးကွက်အပေါ် ရိုက်ခတ်မှုများရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။ နံပါတ်ထွက်ပြီးသား ကားဟောင်းဈေးကွက်တွင် အာမခံမှုဖြင့် ရောင်းချနိုင်ခြင်း၊ ရင်းနှီးမှု ရှိခြင်း မရှိခြင်းနှင့် ယုံကြည်မှုအပေါ် တွင် ဝယ်ယူကြ၍ အရောင်းအဝယ်ပြုရန် အခက်အခဲမရှိကြောင်း သိရသည်။ ကားသစ်များမှာမူ ကနဦးမှတ်ပုံတင်ခွင့်ရပါက အရောင်းအဝယ်များ ပိုသွက်လာမည်ဖြစ်ပြီး ထိုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသူများ၏ စီးပွားရေးလုပ်ငန်းများမှာလည်း ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှလည်း ကနဦးယာဉ် မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေပြီး Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ခွင့်ပြုချက်ရပါက အွန်လိုင်းဘိုကင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here