ကနဦးငွေသွင်းစရာမလို၊ လစဉ်ငွေသွင်းစနစ်ဖြင့် တရုတ် CZI ဆိုင်ကယ်များကို  အရောင်းပြခန်းများမှ အပြိုင်အဆိုင် ရောင်းချလာကြ

1697

မန္တလေး၊ ဒီဇင်ဘာ ၁၉

မန္တလေးမြို့ရှိ တရုတ်ဆိုင်ကယ်အရောင်းပြခန်းအချို့တွင် ယခုအခါကနဦးငွေသွင်းစရာမလိုဘဲ လစဉ်ပုံမှန် ငွေသွင်းရသည့် အရစ်ကျစနစ်ဖြင့် တရုတ် CZI ဆိုင်ကယ်များကို အပြိုင်ရောင်းချလာကြကြောင်း သိရသည်။

 

”ဟိုးအရင်က တရုတ်ဆိုင်ကယ်တစ်စီးဝယ်ရင် လက်ငင်းဝယ်မှရတယ်၊ နောက်တော့ ၃ဝ ရာခိုင်နှုန်း၊ ၄ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်း ကိုယ်ကြိုက်သလိုသွင်းပြီး အရစ်ကျ ပေးဝယ်လို့ရတယ်၊ ဒီနှစ်ကုန်ပိုင်းကျတော့ တချို့ဆိုင်တွေက ကနဦးကျပ် ၁၄၉,ဝဝဝ သွင်းရုံနဲ့ အရစ်ကျဝယ်ယူလို့ရတယ်ဆိုပြီးဆိုင်းဘုတ်တင်ကြတဲ့အချိန်မှာ တခြားဆိုင်က ကနဦးငွေကို ကျပ် ၉၉,ဝဝဝ ပဲစသွင်းပြီး အရစ်ကျဝယ် နိုင်ပြီဆိုပြီး ရောင်းကြတယ်၊ အခု ကျပ် ၉၉,ဝဝဝ နဲ့အပြိုင် နောက် ထပ် ကနဦးကိုငွေ လုံးဝသွင်းစရာ မလိုဘဲ လစဉ်ပုံမှန်သွင်းသွားရုံနဲ့ အရစ်ကျ ဝယ်ယူနိုင်ပြီဆိုပြီး ဆိုင်းဘုတ်တွေတင်လို့ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်ကို ရောင်းနေကြတယ်၊ အထူးသဖြင့်တော့ တရုတ်ဆိုင်ကယ်ဆိုင်တွေပဲ အဲဒီလိုရောင်းနိုင်ကြတယ်”ဟုမန္တလေးမြို့ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ပြောသည်။

 

ထိုသို့ ကနဦးငွေ လုံးဝသွင်းစရာမလိုဘဲ လစဉ်အရစ်ကျ ငွေပေးချေရုံဖြင့် ဆိုင်ကယ်တစ်စီးဝယ်နိုင်မည့် အစီအစဉ်တွင် တရုတ် KAMAX CZI ဆိုင်ကယ်တစ်မျိုးတည်းသာ လတ်တလောရောင်းချပေးဦးမည်ဖြစ်ပြီး အခြားဆိုင်ကယ် အမျိုးအစားများ မပါဝင်သေးကြောင်း သိရသည်။

 

”ကနဦးငွေ ၃ဝ ရာခိုင်နှုန်း သွင်းရတုန်းကတော့ အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်းလောက်ပဲ ယူတယ်၊ အခု ကနဦး ကျပ် ၉၉,ဝဝဝ ဆိုရင် အတိုးနှုန်းက ၃ဝ ရာခိုင်နှုန်းယူတယ်၊ ကနေဦးငွေလုံးဝမသွင်းဘဲ ယူမယ်ဆိုရင်တော့ အတိုးနှုန်းကို ငွေသားနဲ့ဆိုရင် လက်ငင်းစျေးထက် လေးသိန်းပိုယူတယ်၊ ဥပမာ အခု ရောင်းပေးနေတဲ့ KAMAX CZI က ကျပ် ၅၂ဝ,ဝဝဝ စျေးပေါက်တဲ့အတွက် ကနဦးငွေလုံးဝမသွင်းဘဲ ယူမယ်ဆိုရင် ဆိုင်ကယ်တန်ဖိုးက ကိုးသိန်းဝန်းကျင်ကျမယ်၊ ကိုးသိန်း ကို ၁၂ လသွင်းရမယ်ဆိုရင်တစ်လကို ခုနစ်သောင်းခွဲဝန်းကျင် ပုံမှန် သွင်းသွားရမှာပေါ့၊ စရောင်းကတည်းက ငွေလုံးဝမယူဘဲ ဆိုင်ကယ်ပေးလိုက်ရတာဖြစ်တဲ့အတွက် အထောက်အထားတွေကတော့အစုံလိုပါမယ်”ဟု မန္တလေးမြို့’ Jin Cheng ဆိုင်ကယ်အရောင်းပြခန်း ‘အရောင်းတာဝန်ခံကိုရှမ်းလေးက ဆိုသည်။

 

မန္တလေးမြို့တွင် ထိုသို့ အရစ်ကျစနစ်များ အပြိုင်အဆိုင်ရောင်းချခြင်းကြောင့် Customer များအတွက် အဆင်ပြေနိုင်သော်လည်း ရောင်းချပေးလိုက်သော ဆိုင်ကယ်၏ အင်ဂျင်နှင့် ကာဗာများ၏ အရည်အသွေးကိုပါ အာမခံချက်ပေးသင့်ကြောင်း ဆိုင်ကယ်စျေးကွက် ကျွမ်းကျင်သူအချို့က သုံးသပ်သည်။

 

”နောက်ဆိုရင် မန္တလေး ဆိုင်ကယ်စျေးကွက်မှာ ကနဦးငွေ လုံးဝသွင်းစရာမလိုဘဲ လမ်းစရိတ် ဆီဖိုး ကျပ်နှစ်သောင်းပေးပြီးတော့ ရောင်းတာတွေပါ ရှိလာလိမ့်မယ်၊ အဲဒီလို ကနဦးငွေသွင်းစရာမလိုဘဲ ရောင်းတာက လခစားဝန်ထမ်းတွေအတွက် အဆင်ပြေနိုင်ပေမဲ့ သေချာတွက်ကြည့်ရင် အတိုးနှုန်းက အရမ်းများလွန်းတယ်၊ အတိုးနှုန်း များများယူထားတယ်ဆိုရင် ဆိုင်ကယ်ရဲ့ အရည်အသွေးအာမခံချက်ပါ ပေးနိုင်ရမယ်၊ ဆိုင်ကယ် အရည်အသွေးမကောင်းလို့ တစ် နှစ်မပြည့်ခင် ခဏခဏပျက်နေရင်၊ အင်ဂျင်ခွဲလိုက်ရရင် ဘယ်သူတာ ဝန်ခံမလဲ”ဟု ဆိုင်ကယ်စျေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောဆိုသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here