ကနဉီး မှတ်ပုံတင်ခွင့်ပိတ်ထား၍ Pre-Order ဖြင့်ပင် ရောင်းချရန်ခက်ခဲနေသည့် ကားသစ်ဈေးကွက်

541

မော်တော်ယာဉ်အသစ်များ ကနဦး မှတ်ပုံတင်ခွင့်ပိတ်ထား၍ Pre-Order ဖြင့်ပင် ကားများ ရောင်းချရန်ခက်ခဲနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

မော်တော်ယာဉ်အသစ်များကို ကနဦးနံပါတ်ယူခွင့်၊ ငွေသွင်းခွင့်ပြုရန်၊ ခဲခြစ်ခြင်းနှင့် အခြားကိစ္စရပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြုရန် ယခုလ၂၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံ MAMDA အသင်းမှ တင်ပြခဲ့ပြီး AAM (မြန်မာအော်တိုမိုးတစ်အသင်း)မှလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ ကားတပ်ဆင်ထုတ်သည့် ကုမ္ပဏီများမှလည်း ကနဦးမှတ်ပုံတင်ခွင့်ပေးရန် ပိုဆောင်ရေးဝန်ကြီးဌာနထံ သနားခံစာ တင်ပြထားကြောင်း သိရသည်။ Covid-19 ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးများ မဖြစ်စေရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ် အသစ်များ မှတ်ပုံတင်ခြင်းနှင့် အခြားမော်တော်ယာဉ်လုပ်ငန်းများကို ယာယီ ရပ်နားထားဆဲဖြစ်၍ မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်ခွင့်မရသောကြောင့် ကားအရောင်းအဝယ်မှာ Pre-Order ဖြင့်ပင် အရောင်းအဝယ်ပြုလုပ်ရန် ခက်ခဲနေသည်။

“COVID-19 ဖြစ်နေတာမှနေ်ပမဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်ဖို့လည်း အရေးကြီးပါတယ်၊ ဒါကြောင့်လည်း AAM အသင်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပိုေ့ဆာင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဆီ ယာဉ်အသစ်တွေကို ကနဉီးမှတ်ပုံတင်ခွင့်ပေးဖို့ တင်ပြထားပါတယ်၊ ကညနအနေနဲ့ လတ်တလောဖြစ်ပွှားနေတဲ့ COVID-19 ရောဂါကြောင့် ကနဦးလုပ်ငန်းပြန်ဖွင်ေ့ပးဖို့ မဖြစ်သေးဘူးဆိုရင် ရောင်းထားပြီးသားကားတွေကို ဝယ်ယူထားသူတွေ အသုံးပြုနိုင်မယ့်နည်းလမ်းတစ်ခုနဲ့ ခွင့်ပြုပေးဖို့ကိုလည်း တင်ပြထားပါတယ်၊ ယာယီ အသုံးပြုခွင့်ကို မပေးဘဲ ကနဦး လုပ်ငန်းကို ပြန်ပြီး ခွင့်ပြုမယ့်အစီအစဉ်ရှိတယ် လိုေ့ပြာတယ်၊ မေ ၁၅ ရက်မှာ နိုင်ငံတော်က COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် ထပ်မထုတ်မှ ခွင့်ပြုမယ်လို့တော့ သိရတယ်”ဟု AAM( မြန်မာအော်တိုမိုးတစ်အသင်း)မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

လက်ရှိတွင် မော်တော်ယာဉ်အသစ်များ ကနဦးမှတ်ပုံတင်ခွင့် ပိတ်ထား၍ Brand New များ သိသိသာသာ အဝယ်အေးနေသလို နံပါတ်ထွက်ပြီးသားကားများမှာလည်း ယာဉ်စစ်ဆေးရေးလုပ်ငန်းများ ရပ်ဆိုင်းထား၍ ဝယ်လက်ပျောက်နေသည်။

” ကားအရောင်းပြခန်းတွေမှာ ဝယ်လက်သိသိသာသာ အလာနည်းသွားပါတယ်၊ လာတဲ့အဝယ်ကျတော့လည်း ကနဦးပိတ်ထားလို့ ဘယ်အချိန်မှကား ရမလဲမသိတဲ့ အခြေအနေကြောင့် စရန်မချချင်ကြဘူး၊ Pre-Order ရောင်းနိုင်ဖိုေ့တာင် အတော်လေးခက်ခဲနေပါတယ်၊ အရင်ကတင်ထားတဲ့ Pre-Order တွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကလည်း Cancel ပြန်လုပ်သွားကြတယ်၊ Showroom တွေမှာကလည်း ဝင်ငွေမရှိတော့ ဒုက္ခရောက်တာပေါ့၊ ခုချိန်မှာ ကညနပြန်ဖွင့်ပေးရင်တောင် ဘဏ်တွေက အတိုးနှုန်းကို အရင် ၁၃ ရာခိုင်နှုန်းနဲ့ပဲလား၊ လျှော့ပေးရမလားကို အကြောင်း မပြန်သေးတော့ အရစ်ကျရောင်းဖို့လည်း ခက်နေတယ်” ဟု Hyundai Motor Myanmar မှ Marketing Manager ကိုမျိုးဝင်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပေ်နသည့် ကုမ္ပဏီအချို့မှာ လုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သည်။ သို့သော် အရောင်းကိုယ်စားလှယ်များမှ ကားမှာယူမှုမရှိသေး၍ လက်ထဲတွင် ကားများစုပြုံနေသောကြောင့် လုပ်ငန်း ဆက်လက် လည်ပတ်ရန် အခက်အခဲများရှိနေသည်။

“စက်ရုံက အစိုးရခွှင့်ပြုချက်ရလို့ လက်ရှိမှာ ၅၀ ရာခိုင်နှုန်းနဲ့လည်ပတ်နေတယ်၊ ဒါပေမဲ့ ကညနပိတ်ထားတော့ Dealer တွေက ကားမရောင်းရဘူး၊ ဒီတော့ စက်ရုံမှာ ထုတ်ပြီးသား ကားတွေပြည့်တော့မယ်၊ ဒါက စက်ရုံတစ်ခုတည်း အခက်အခဲဖြစ်တာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာရှိနေတဲ့ ၅၂ ဦးသော Suzuk Dealer တွေလည်း Showroom စရိတ်၊ ဝန်ထမ်းလစာတွေအတွက် အခက်အခဲရှိကြတယ်၊ ဒါကြောင့်လည်း ကညနကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်နဲ့အညီ ကနဦးမှတ်ပုံတင်ခွင့်ပေးဖို့ Suzuki Myanmar Motor က အသနားခံစာ တင်ထားပါတယ်၊ ကညနအတွက် ကျန်းမာရေး အသုံးပစ္စည်းတွေ လိုခဲ့ရင်လည်း လှူပါမယ်လို့ တင်ပြထားပါတယ်” ဟု Suzuki Myanmar Motor မှ General Manager ကိုမျိုးမင်းထွန်းက ဆိုသည်။

ယခုလ ၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်သူဦးရေ ၁၆၁ ဦးအထိရှိလာ၍ ပြည်သူများ စိုးရိမ်ပူပန်မှု ပိုမြင့်သွားကာ လူအများစုသည် အစားအသောက်နှင့် ဆေးဝါးများကိုသာ ဝယ်ယူကြသည်။ လက်ရှိ ဈေးကွက်အတွှင်း ကားသစ်ရော ကားဟောင်းပါ အဝယ်ပျောက်နေသောကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း ဈေးကွက်မှာလည်း အဝယ်ရပ်ဆိုင်းသွားသည်။

“ကျန်းမာရေးကိစ္စဆိုတော့ ကူးစက်မှုအခြေအနေကို ထိန်းနိုင်ခဲ့လို့ ကညနပြန်ဖွင့်ရင်လည်း ကားဝယ်ဖို့ဆိုတာကို စဉ်းစားမယ့်သူ တော်တော်လေးနည်းဦးမှာပါ၊ ဒီအချိန်မှာ ဝယ်ချင်တဲ့သူထက် ရောင်းချင်တဲ့သူက ပိုပြီးများနေလို့ နံပါတ်ထွက်ပြီးသား ညာမောင်းကားတွေ ဈေးအနည်းငယ် ဆင်းသွားတာ တွေ့ရတယ်” ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here