ကထိန်ပွဲတော်များနှင့် ခရီးသွားရာသီကြောင့် ထိုင်း၊ အိန္ဒိယ၊ တရုတ် မြေညေိ အစုံ အရောင်းအဝယ်အေးစက်နေသည့် မန္တလေးဆိုင်ကယ်စျေးကွက်

2078

မန္တလေးမြို့တွင် မြန်မာလူမျိုးတို့၏ ဘုန်းတော်ကြီးကျောင်းများသို့ အလှူအတန်းပြုလုပ်သော တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း နေရာအနှံ့ ကထိန်ခင်းကျင်းမှုများနှင့် ခရီးသွားရာသီ အစပြုချိန်ကြောင့် ယခုလ ပထမပတ်၌ ထိုင်း၊ အိန္ဒိယ၊ တရုတ် စသော Brand အစုံ အရောင်းအဝယ်အေးစက်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

 

”တန်ဆောင်တိုင်ပွဲတော် ပြီးသွားပြီဆိုပေမဲ့ မန္တလေးမှာက လပြည့်နေ့ပြီး နောက်ပိုင်းလည်း ကထိန် ခင်းတာတွေက နေရာအနှံ့ လုပ်နေကြသေးတော့ ဒီရက်ပိုင်း အရောင်းပါးတယ်၊ တစ်ရက်နှစ်စီး၊ သုံးစီးလောက်ပဲ၊ အရင်ကထက် ထက်ဝက်ကျော်လောက် ရောင်းအားကျသွားတယ်”ဟု မန္တလေးမြို့ ‘ Auto 38 ဆိုင်ကယ်အရောင်းပြခန်း’ပိုင်ရှင် ကိုအောင်ရီစိုးက ပြောကြားသည်။

 

မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကတည်းက ထိုင်း Click ၊ Scoopy i ဆိုင်ကယ်များ သာမက အိန္ဒိယ FZ s ၊ TVS Dazz ၊ RTR 200 စသော ဆိုင်ကယ်များပါ ရောင်းအားကျဆင်းခဲ့ပြီး ယင်းမှာ ကထိန်နှင့်အတူ ပွင့်လင်းရာသီအစ ခရီးသွားလာမှုများနှင့်လည်း သက်ဆိုင်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

 

”ကထိန်အလှူအတန်း လုပ်ကြတာရော၊ ခရီး သွားရာသီ စရောက်တော့ ခရီးထွက်တာတွေ များတာရောနဲ့ ရောင်းအားတော့ နည်းနည်းကျတယ်၊ မန္တလေးမြို့ပေါ်က အရစ်ကျစနစ်နဲ့ ထိုင်း Click ၊ Scoopy i ဆိုင်ကယ်လေးတွေ၊ အိန္ဒိယဘီးလေးတွေ လာဝယ်တာ ရှိလို့ မရောင်းရအောင် ဆိုးဆိုးရွားရွားကြီး ရောင်းအား ကျတာမျိုးတော့ မဖြစ်ဘူး၊ ဒီရက်ပိုင်း မုံရွာဘက်ကနဲ့ မန္တလေး အနီးဝန်းကျင် နယ်တွေကတော့ TVS Dazz ၊ RTR 200 နဲ့ Yamaha FZ s ဆိုင်ကယ်လေးတွေတော့ လက်ငင်းလာဝယ်ကြတာရှိတယ်၊ တစ်ရက် လေးစီး၊ ငါးစီးပေါ့၊ ဒီရက်ပိုင်း လက်ငင်းရော အရစ်ကျရော မျှနေတယ်”ဟု မန္တလေးမြို့ ‘DT Naing Oo ဆိုင်ကယ် အရောင်းပြခန်း’ပိုင်ရှင် ဦးနိုင်ဦးကလည်း ဆိုသည်။

 

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် ယခုလ ပထမပတ်၌ ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များ သာမက တရုတ်နိုင်ငံထုတ် Anisha ၊ Canda ၊ HenBo ၊ Kamax စသော တံဆိပ်များ၏ CZI ၊ MSX ၊ Winner ဆိုင်ကယ်များပါ ရောင်းအားကျဆင်းသွားပြီး လာမည့် နိုဝင်ဘာလကုန်ပိုင်းမှသာ အဝယ်ပြန်လိုက်လာနိုင် သည်ဟု ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

 

”ကထိန်ပွဲတော်ချိန်နဲ့ ခရီးသွားရာသီဖြစ်နေတော့ အရင် တစ်ရက်ကို ရှစ်စီး၊ ကိုးစီး ရောင်းနေရတဲ့ဟာ အခု တစ်ရက်လေးစီးလောက်ပဲရောင်းရတယ်၊ ရောင်းအားကျတယ်ဆိုပေမဲ့ အရစ်ကျ လာဝယ်တာတော့ သိပ်မရှိဘူး၊ လက်ငင်းလာဝယ်တာပဲ များတယ်၊ လာဝယ်ရင်လည်း Anisha တံဆိပ်နဲ့ Canda တံဆိပ်က CZI နဲ့ 125 R ဘီးလောက်ပဲ လာဝယ်ကြတယ်၊ 125 R ဘီးက အကြမ်းခံတော့ နယ်တွေက ကြိုက်ကြတယ်”ဟု မန္တလေးမြို့ ‘ Anisha ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင်ကိုအမ်ဂတ်က ပြောသည်။

 

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက် တွင် ယခုလပထမပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၇ မိုဒယ် Click ဒလက် ကျပ် ၂,၃၉ဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၂၉ဝ,ဝဝဝ၊ Scoopy i ဒလက် ကျပ် ၂,၃၉ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၂,၂၉ဝ,ဝဝဝ၊ Wave ၁ဝဝ ကျပ် ၁,၁၂ဝ,ဝဝဝ၊ တရုတ်နိုင်ငံထုတ် CZI P-1 (Anisha) ကျပ် ၅၆ဝ,ဝဝဝ၊ Wave ၁ဝဝ (Anisha)ကျပ် ငါးသိန်းခွဲ၊ Winner (Anisha) ကျပ် ခြောက်သိန်းခွဲ၊ ဆိုင်ကလုန်း(ZongShen) ကျပ် ၁ဝ သိန်းတို့တွင် ရှိနေသည်။

 

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင်လည်း ယခုလပထမပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၆၊ ၂ဝ၁၇ မိုဒယ်မြင့်ဆိုင်ကယ်များနှင့် တရုတ်တစ်ပတ်ရစ်ဆိုင်ကယ်များပါ ရောင်းအားကျဆင်းသွားပြီး ဆိုင်ကယ်စျေးများမှာမူ အတက်၊ အကျမရှိကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

 

”ဒီရက်ပိုင်း လာဝယ်သူ၊ လာမေးသူကို မရှိလို့ စျေးဦးမပေါက်တာ သုံးရက်လောက်ရှိပြီ၊ အရင်က တရုတ်တစ်ပတ်ရစ် ဆိုင်ကယ် လာမဝယ်ရင်တောင် Online Group တွေ အဆက်အစပ်နဲ့ ရောင်းနေရတာ၊ ဒီရက်ပိုင်း Online ကနေမေးပြီး ဝယ်တာလည်းမရှိဘူး၊ အပြင်ကနေလည်း လာဝယ်တာမရှိဘူး၊ ရောင်းမ ကောင်းချက်က ဆောင်းတွင်းကျနေတာပဲ”ဟု မန္တလေး မြို့ ၅၉ ဆိုင်ကယ်ဝိုင်းက ဝါရင့်ဝယ်/ရောင်း ကိုညီညီ နိုင်က သုံးသပ်ပြောဆိုသည်။

 

ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် မန္တလေးမြို့ခံ ကိုသားသားကလည်း ”ထိုင်းမိုဒယ်နိမ့် ဆိုင်ကယ်ဆိုရင် ဒီရက်ပိုင်း လာမေးသူရော၊ လာဝယ်သူရော မရှိတာ၊ မိုဒယ်မြင့် ၂ဝ၁၆ နဲ့ ၂ဝ၁၇ မိုဒယ် Click ဆိုင်ကယ်ကတော့ အမရပူရဘက်နဲ့ စက်မှုဇုန်ဘက်၊ ပုသိမ်ကြီးဘက်က လာဝယ်တာရှိလို့ တစ်ရက်တစ်စီး လောက်တော့ ရောင်းရတယ်၊ နယ်ကတော့ ဒီရက်ပိုင်း အဝယ်ကိုမလာဘူး၊ ဒီဇင်ဘာလထဲဆိုရင် တက္ကသိုလ်တွေ ပြန်ဖွင့်တော့မှာဆိုတော့ နိုဝင်ဘာလကုန်ပိုင်းလောက်ကျရင်တော့ အဝယ်ပြန်လိုက်လာနိုင်တယ်၊ ကြားထဲကာလကတော့ ခပ်အေးအေးပဲ ဖြစ်နေဦးမှာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင် နိုဝင်ဘာလ ပထမပတ်၌ ထိုင်းနိုင်ငံထုတ်၂ဝ၁၇ မိုဒယ် Click ကျပ် ၂,၂၅ဝ,ဝဝဝ၊ ၂ဝ၁၆ မိုဒယ် Click ကျပ် ၂,ဝ၅ဝ,ဝဝဝ၊ Scoopy i စပုတ် ကျပ် ၁,၉ဝဝ,ဝဝဝ၊ ၂ဝ၁၅ မိုဒယ် Scoopy i ကျပ် ၁,၇၂ဝ,ဝဝဝ၊ ၂ဝ၁၄ မိုဒယ် Scoopy i ကျပ် ၁,၆၈ဝ,ဝဝဝ၊ အိန္ဒိယ FZ (၂ဝ၁၅) ကျပ် ၁,၆၅ဝ,ဝဝဝ၊ တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ်ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jailing ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြား၊ MSX ကျပ် ခြောက်သိန်းခွဲဝန်းကျင်တို့ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here