ကတ်စနစ် အသုံးပြုချိန်တွင် မီနီဘတ်စ်များ မြို့တွင်းပြေးဆွဲမှု ကန့်သတ်မည်

1112

ရန်ကုန်၊ ဇန်နဝါရီ
ကတ်ဖြင့် ယာဉ်စီးခပေးချေသည့်စနစ်ကို မတ်လတွင် စတင်နိုင်ရန် လျာထားပြီး မီနီဘတ်စ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့်ကိုလည်း ကန့်သတ်မည် ဖြစ်ကြောင်း သိရသည်။

ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရာတွင် ရှေ့ပေါက်တက် နောက်ပေါက်ဆင်းစနစ်ကျင့်သုံးမှသာ အဆင်ပြေနိုင်မည် ဖြစ်သည့်အတွက် မီနီ ဘတ်စ်များ မြို့တွင်းပြေးဆွဲခွင့်ကန့်သတ်၍ ထိုယာဉ်များနေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

” ကတ်နဲ့ ယာဉ်စီးခပေးချေတဲ့စနစ်က အတက်မှာတစ်ခါ၊ အဆင်းမှာတစ်ခါ ဖြတ်ရတာကြောင့် ကားမှာ တံခါးနှစ်ပေါက်ရှိမှ အဆင်ပြေမှာပါ၊ မီနီဘတ်စ်မှာက တံခါးတစ်ပေါက်တည်းဆိုတော့ အဆင်မပြေဘူး၊ ဒါကြောင့် မြို့တွင်းဝင်တာကို အရင်ကန့်သတ်မယ်၊ နောက်မှကျန်တာ တစ်ဆင့်ချင်း လုပ်ဆောင်မယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

ကတ်စနစ် စတင်ချိန်တွင် မီနီဘတ်စ်များ မြို့တွင်းပြေးဆွဲခြင်းကိုသာ ကန့်သတ်မည်ဖြစ်ပြီး မြို့ပြင်ဆက်စပ် ယာဉ်လိုင်းများတွင် ဆက်လက် ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် မီနီဘတ်ယာဉ်အစီး တစ်ထောင်ကျော်ထဲတွင် မြို့တွင်းပြေးဆွဲနေသည့် မီနီဘတ် အစီးနှစ်ရာ ကျော်ရှိနေပြီး ကတ်စနစ်စတင်ချိန်တွင် ယာဉ်အသစ်များဖြင့် အစားထိုး ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ကုမ္ပဏီ ၂၂ ခုရှိကာ ယာဉ်လိုင်း ကိုးဆယ်ကျော်မှ ယာဉ်အစီးရေ လေးထောင်ခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here