ကတ်စနစ်အတွက် ပဏာမရွေးချယ်ထားသည့်  ကုမ္ပဏီ နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ပြီး MOU ရေးထိုးနိုင်ရန်စီစဉ်

919

ရန်ကုန်၊ မေ

Yangon Payment Services (ကတ်စနစ်) အကောင်အထည်ဖော်လုပ်ဆောင်နိုင်မည့် ကုမ္ပဏီနှစ်ခုကို ပဏာမရွေးချယ်ထားပြီး တစ်ခုကို ယခုလကုန်တွင် MOU ရေးထိုးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်သားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥ္ဖာမျိုးက Yangon Investment Forum အတွက် CB ဘဏ်ရုံးချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

YBS ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပေးချေနိုင်ရန်အတွက် တာဝန်ယူလုပ်ဆောင်နိုင်မည့် ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူပြီး စိစစ်ရွေးချယ်ခဲ့ရာ အရွေးချယ်ခံခဲ့ရသည့် ကုမ္ပဏီနှင့် MOU စာချုပ် ချုပ်ရန်အတွက် ညှိနှိုင်းနေစဉ်အတွင်း ယင်းကုမ္ပဏီမှ နုတ်ထွက်ခဲ့သည်။ သို့ဖြစ်၍ ကျန်ရှိသည့် ကုမ္ပဏီနှစ်ခုထဲမှ တစ်ခုကို ယခုလကုန်ပိုင်းတွင် ရွေးချယ်ပြီး   MOU ရေးထိုးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

”YBS ယာဉ်စီးခကို ကတ်စနစ်နဲ့ပေးချေဖို့ စီစဉ်နေပါတယ်၊ ပဏာမရွေးချယ်ခံခဲ့ရတဲ့ ကုမ္ပဏီနှစ်ခုထဲက တစ်ခုကို မေလအကုန် မှာ ရွေးချယ်ပြီး MOU ရေးထိုးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု ဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်မည့်စနစ်ကို စတင်နိုင်ရန်အတွက် ၂ဝ၁၇ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ နှစ်ဆယ်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဆန်ခါတင်အဖြစ် Excel KC Myanmar ကုမ္ပဏီ၊ Asia Star Mar Transport Intelligent ကုမ္ပဏီနှင့်  AnyPay Payment Service ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းကုမ္ပဏီ သုံးခုထဲမှ Excel KC Myanmar ကုမ္ပဏီသည် တင်ဒါအောင်မြင်ခဲ့သော်လည်း MOU စာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေစဉ်အတွင်း နုတ်ထွက်ခဲ့သည့်အတွက် ပဏာမရွေးချယ်ထားသော ကုမ္ပဏီနှစ်ခုထဲမှ တစ်ခုကို ယခုလကုန်ပိုင်းတွင် ရွေးချယ်ပြီး   MOU ရေးထိုးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here