ကတ်စနစ်ဖြင့်  ယာဉ်စီးခပေးချေခြင်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် စီစဉ်နေ

811

ရန်ကုန်၊ မတ်

YBS ယာဉ်စီးခပေးချေခြင်းကို ကတ်စနစ်ဖြင့် ဆောင်ရွက်ရန် အမြန်ဆုံးအကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်းကို ဧပြီလမှ စတင်၍ မြို့ တွင်းပြေးဆွဲနေသည့် ကုမ္ပဏီယာဉ်လိုင်းအချို့တွင် စတင်အသုံးပြုမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ပြုလုပ်နိုင်သည့် ကတ်အရေအတွက်အပေါ်မူတည်ကာ ယာဉ်အစီးရေကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

”ယာဉ်စီးခ ပေးချေတာကို ကတ်စနစ် အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပိုပြီး ထိန်းချုပ်နိုင်မှုအားကောင်းလာမယ်၊ ပြည်သူလူထုအတွက်လည်း ငွေကိုင်သုံးစွဲရတဲ့ဘဝကနေ ဘဏ်နဲ့ ချိတ်ဆက်ပြီး ကတ်စနစ်ကို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်”ဟု ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်း၏ တတိယမြောက်ယာဉ်လိုင်းဖြစ်သော YBS 94 ယာဉ်လိုင်းသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရာတွင် မြန်မာနိုင်ငံသားတိုင်း လက်လှမ်းမီသည့် ကတ်စနစ်မျိုးဖြစ်ရန် စီစဉ်မည်ဖြစ်ပြီး အခြား မီးရထား၊ ရေလမ်းခရီးသွားလာမှုများတွင်လည်း သုံးစွဲနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေခြင်းအတွက် တင်ဒါခေါ်ယူခြင်းကို ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့ရာ တင်ဒါနောက်ဆုံးအဆင့် လျှောက်ထားသည့်ကုမ္ပဏီသုံးခုထဲမှ Excel KC Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here