ကတ်ကို တကယ်အသုံးပြုမယ့်သူတွေလက်ထဲ ရောက်စေချင်တဲ့အတွက် ငွေငါးထောင်ဖြည့်တဲ့အခါ ကတ်အခမဲ့ပေးတဲ့အစီအစဉ် လုပ်ထားတယ်

244

 

ပြည်သူအများ မျှော်လင့်နေကြတဲ့ ယာဉ်စီးခပေးချေလို့ရမယ့် YPS Payment Card စနစ်ကို ဇူလိုင် ၂၁ ရက်မှာ အသုံးပြုခွင့်ရမှာ ဖြစ်ပါ တယ်။ YPS Card အသုံးပြုရာမှာ သိရှိရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး YPS Payment Card လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent ကုမ္ပဏီရဲ့ CMO ဒေါ်ရီရီခင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

Automobile- YPS Payment Card ကို စတင်အသုံးပြုလို့ရမယ့်အချိန်၊ ကတ်သုံးပြုလို့ရမယ့် ကားနဲ့ အသုံးပြုလို့ မရသေးတဲ့ ကားတွေကို ဘယ်လိုခွဲခြားသိနိုင်မလဲ၊ ဘယ်ကားတွေ မှာအသုံးပြုလို့ရပြီလဲ၊ ကျန်တဲ့ကားတွေကိုရော အသုံး ပြုခွင့် ဘယ်တော့လောက်ရနိုင်မလဲ . . .
DawYYK- YPS ကတ်ကို ဇူလိုင် ၂၁ ရက်မှာစပြီး ကုမ္ပဏီနှစ်ခုက ကားတွေမှာ အသုံးပြုလို့ရမယ်။ အဲဒီ ကုမ္ပဏီနှစ်ခုက ကားတွေထဲမှာမှ ကားရဲ့ အရှေ့မှာ YPS တံဆိပ်အစိမ်း ရောင်ပါရင် ကတ်အသုံးပြုလို့ရမယ့်ကား၊ ကားအရှေ့မှာ YPS တံဆိပ်အဝိုင်းအနီလေး ချိတ်ဆွဲထားရင် ကတ် အသုံးပြုလို့ မရသေးတဲ့ကားဆိုပြီး အမှတ်အသားလေး လုပ်ပေးထားမှာပါ။ YBPC ကုမ္ပဏီက ယာဉ်လိုင်း နံပါတ် ၄၃ ၊၆၂၊ ၇၂ ၊ ၈၇ (၁)၊ ၈၇ (၂)၊ ၈၈၊ ၈၉ (၁)၊၈၉(၂)၊ ၉၆ (၁)၊ ၉၆(၂)နဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ယာဉ်လိုင်းနံပါတ် ၁၂ ၊၁၄ ၊ ၂၅ ၊၃ဝ (၁)၊ ၃ဝ (၂) ၊ ၃၈ ၊ ၅၅ မှာ အသုံးပြုလို့ရပါမယ်။ သြဂုတ်လမှာတော့ YUPT ကုမ္ပဏီက ယာဉ်လိုင်း ၂၁ လိုင်း မှာရှိတဲ့ ဘတ်စ်ကား ၆၇၄ စီး၊ LDPP ကုမ္ပဏီက ၁၉၁ စီးနဲ့ GYCT ကုမ္ပဏီက ဘတ်စ်ကား ၂၇ စီးမှာ အသုံးပြုလို့ရမယ်။ တပ်ဆင်ပြီး ကျန်တဲ့ကားတွေထဲက ဗန္ဓုလကုမ္ပဏီ၊ YBPC ကုမ္ပဏီက ကားတွေနဲ့ တခြား ကုမ္ပဏီတွေက ကားငါးရာလည်း သုံးလအတွင်း အသုံး ပြုလို့ရအောင် စီစဉ်ထားပါတယ်။ နောက်တစ်လမှာတော့ LDPP ကုမ္ပဏီကကားတွေနဲ့ GST ကုမ္ပဏီကားတွေမှာ သုံးလို့ရမှာပါ။ အသစ်တပ်ဆင်မယ့် ကားတွေအတွက် လည်း စက်တွေအဆင်သင့်ရှိပါတယ်။ YRTA က ညွန် ကြားချက်ရတာနဲ့ တပ်ဆင်မှာပါ။

Automobile- YPS ကတ်အသုံးပြုပုံနဲ့ ဘယ်အချက်တွေကို အဓိက လိုက်နာရမလဲဆိုတာ ပြောပေးပါ . . .
DawYYK- ယာဉ်ပေါ်ကို အတက်တစ်ကြိမ် အဆင်းတစ်ကြိမ်၊ Bus Validator စက်ကို ထိပေးရမယ်။ အဲဒီမှာ ‘တီ’ ဆိုတဲ့ အသံမြည်ရင် ယာဉ်စီးခပေးတာ အောင်မြင်တယ်ဆိုတဲ့ သင်္ကေတပါ။ ကတ်ကို နှစ်ကြိမ်ဖြတ်မိရင် ကတ်နဲ့ထပ် မထိပါနဲ့ဆိုတဲ့ အချက်ပေးသံကြားရမယ်။ စက်ကိုကတ် နဲ့ထိတဲ့အခါ ငွေဖြတ်ဖို့ အဆင်မပြေဘူးဆိုရင် ကတ် ပြန်ဖြတ်ပါဆိုပြီး အချက်ပေးအသံထွက်မယ်။ ကတ်ထဲမှာ ယာဉ်စီးခငွေ မလောက်ဘူးဆိုရင် ပိုက်ဆံမလောက်ပါဆိုတဲ့ အချက်ပေးအသံ ကြားရမှာပါ။ ကတ်က အကြောင်းအမျိုးမျိုးကြောင့် ဌာနကပိတ်တာမျိုးနဲ့ ပျက်စီးတာတွေ ဖြစ်နေတယ်ဆိုရင် အသုံးပြု၍မရပါဆိုတဲ့ အချက်ပေးသံကြားရမှာ ဖြစ်ပါတယ်။ ကတ်ကိုတော့ ခေါတ်တာတွေ၊ ချိုးတာတွေ မလုပ်ရပါဘူး။

Automobile: YPS Card အတွက် ဘယ်လိုဝန်ဆောင်မှုမျိုးလုပ်ပေးထားပါသလဲ။ ဝယ်ယူရရှိနိုင်မယ့် နေရာတွေလည်း ပြောပြပေးပါ . . .
DawYYK: YPS ကတ်အတွက် ဆူးလေ၊ သမိုင်း၊ တာမွေနဲ့ ဒဂုံ တက္ကသိုလ်မှာ Service Center လေးခုရှိတယ်။ ဒဂုံတက္ကသိုလ်ကတော့ ကျောင်းဖွင့်ချိန်မှ သုံးလို့ရမယ်။ Card ကို အခုလက်ရှိ g&g ဆိုင်ပေါင်း ၁ဝ၂ ဆိုင်မှာ ဝယ်လို့ရတယ်။ ကတ်ဝယ်လို့ရမယ့် ဆိုင်တွေကို YPS အမှတ်တံဆိပ်ပါ ဆိုင်းဘုတ်တွေ ထားပေးထားမယ်။ ဝယ်လို့ရမယ့် ဆိုင်နေရာတွေကို Facebook မှာ ကြေညာတာမျိုးလည်း လုပ်ပေးပါမယ်။ ယာဉ်လိုင်းတွေကားတွေ များလာတာနဲ့အမျှ YPS ကတ်ဝယ်လို့ရမယ့် g&g ဆိုင်တွေလည်း တိုးလာမယ်။ နောက်ပြီး ယာဉ်လိုင်း ကုမ္ပဏီတွေရဲ့ ဂိတ်ရင်းတချို့မှာ ရောင်းချပေးဖို့အတွက်လည်း စီစဉ်မယ်။ ကတ်ထဲက ရှိတဲ့ငွေပမာဏကို သိချင်ရင် ကားပေါ်က YPS စက်မှာလည်း ပေါ်တယ်။ g&g ဆိုင် တွေနဲ့ Service Center တွေမှာလည်း စစ်လို့ရအောင် လုပ်ပေးထားပါတယ်။ ကတ်အတွက် တစ်နှစ်အာမခံ ထားပေးထားပါတယ်။ ချိုးပစ်တာမျိုး၊ ဖျက်ဆီးပစ်တာမျိုး မဟုတ်ဘဲ Error တက်တာမျိုးဆို တစ်နှစ်အတွင်း ကတ် အသစ်လဲပေးပါတယ်။ ပျောက်တာမျိုးကိုတော့ တာဝန် မယူပါဘူး။

Automobile: ကနဦး YPS ကတ်ကို အခမဲ့ ပေးဝေမယ်ဆိုတဲ့အတွက် ဘယ်လိုစီစဉ်ထားပါသလဲ …
DawYYK: အရင်ကတော့ ပွဲလုပ်ပြီး ကတ်အခမဲ့ ဝေဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ အခုက Covid-19 ကာလလည်း ဖြစ်နေတာကြောင့် အကောင်အထည်ဖော်လို့ အဆင်မပြေနိုင်ဘူး။ နောက်ပြီး ကတ်တွေကို ဒီအတိုင်းဝေလိုက်လို့ အသုံး မပြုဖြစ်ဘဲ ဟိုရောက်ဒီရောက်နဲ့ အလေအလွင့် ဖြစ် ကုန်မှာလည်း စိုးတယ်။ ကတ်ကို တကယ်အသုံးပြု မယ့်သူတွေ လက်ထဲရောက်စေချင်တယ်။ ဒါကြောင့် ကတ်ထဲကို ငွေငါးထောင်ဖြည့်ရင် ကတ်ကို အခမဲ့ပေးတဲ့ အစီအစဉ်လုပ်ထားတယ်။ ကတ်အခမဲ့ ပေးတာချင်း တူပေမဲ့ ဒါက တကယ်အသုံးပြုမယ့်သူအတွက် ပိုအဆင်ပြေမယ်။ ဖြည့်တဲ့ငွေ ငါးထောင်စလုံးကလည်း ကားစီးလို့ရမယ်။ ဒီအစီအစဉ်ကို ဇူလိုင် ၁၆ ရက်ကနေ သြဂုတ် ၁၆ ရက်အထိ တစ်လ စီစဉ်ပေးထားတယ်။ ငွေဖြည့်တာကတော့ ကျပ်တစ်ထောင်ကနေ ငါးသောင်း အထိ ဖြည့်လို့ရပါတယ်။ ငါးထောင်နဲ့အထက်ဖြည့်ရင် ကတ်အခမဲ့ ပေးတယ်။ ငါးထောင်အောက် ငွေဖြည့်ရင် တော့ တစ်ကတ်ကို နှစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းပေး ပါတယ်။

Automobile: YPS Payment Card ကို YBS မှာ ယာဉ်စီးခပေးလို့ ရတဲ့အပြင် တခြားဘယ်နေရာတွေ အသုံးပြုလို့ရဖို့ ရှိပါသလဲ။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း YBS အပြင် တခြားယာဉ်စီးခပေးတာမျိုးနဲ့ စျေးဝယ်ဖို့အ တွက်ပါ အသုံးပြုလို့ရမယ်ဆိုတာ ပြောထားတာနဲ့ ပတ် သက်ပြီး အစီအစဉ်ရှိရင် သိချင်ပါတယ် …
DawYYK: အစိုးရရဲ့ Plan အတိုင်းကို အကောင်အထည်ဖော်ပေးရမှာ အစ်မတို့အလုပ် ဖြစ်တယ်။ လုပ်ဖို့အတွက်က အစိုးရ အဖွဲ့က ညွန်ကြားချက်အတိုင်းပဲ လိုက်လုပ်ပေးရမှာပါ။ ဒီ Project က Invite လုပ်တယ်။ အော်ပရိတ်လုပ်တယ်။ ဒီဟာနဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ဒီအော်ပရေးရှင်းအပိုင်းတွေကို ဆောင်ရွက်ပေးတဲ့အလုပ်ကို လုပ်တာပါ။ အဲ့ဒီအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ Plan အတိုင်းကို အကုန် အကောင်အထည်ဖော်ပြီး လုပ်သွားပေးမှာပါ။ အစိုးရရှိတဲ့ အစီအစဉ်အတိုင်းကို အကုန်လုပ်ပေးရမှာပါ။

Automobile: YBS ကုမ္ပဏီတချို့က ခေါက်ကြေးနေ့စားတွေနဲ့ ရှင်း ပေးရတာတွေရှိနေတဲ့အတွက် ကတ်ကရတဲ့ ယာဉ်စီးခကို ဘဏ်တွေမှာ ကြန့်ကြာတာမျိုးမရှိအောင် YBS ယာဉ်လိုင်းကုမ္ပဏီတွေဆီ လွဲပြောင်းပေးဖို့အတွက် ဘယ်လိုစီစဉ်ထားပါသလဲ . . .
DawYYK: ကတ်ကရတဲ့ ယာဉ်စီးခငွေက ဘဏ်ထဲမှာအကြာကြီး ဖြစ်နေမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ စနစ်တစ်ခုနဲ့ သွား တာဖြစ်တဲ့အတွက် ရက်အနည်းငယ်စောင့်ရတာတော့ ရှိတယ်။ ဒီနေ့ရရှိထားတဲ့ငွေက ဥပမာ ည ၁၂ နာရီဆို ၁၂ ပေါ့။ အချိန်တစ်ခုနောက်ဆုံးထားပြီး နောက်နေ့မှာ ရရှိထားတဲ့ ယာဉ်စီးခ စာရင်းတွေကို နောက်နေ့မှာ ပြန်တိုက်စစ်ဆေးပြီး လွဲပေးတာမျိုးတွေ လုပ်မယ်။ အဲ့ဒီ အတွက် ဘတ်စ်ကားကုမ္ပဏီတွေနဲ့ သီးသန့်ညှိနှိုင်းပြီး စမ်းသပ်လုပ်ဆောင်ထားတာတွေလည်း ရှိပါတယ်။

Automobile: YPS Payment ကတ် လုပ်ကိုင်ခွင့် ရရှိထားတဲ့ ကုမ္ပဏီ အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ . . .
DawYYK: နိုင်ငံတကာနည်းတူ ယာဉ်စီးခကို ကတ်နဲ့ပေးချေတဲ့စနစ် တစ်ခု အောင်မြင်ဖို့အတွက် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုက အရေးကြီးတဲ့ အဓိကအချက် ဖြစ်ပါတယ်။ခရီးသွားပြည်သူတွေလည်း လွယ်ကူချောမွေ့ အဆင် ပြေတဲ့ ခရီးသွားလာနိုင်မယ်၊ အခုလို Covid-19 ရောဂါကာလမှာ ငွေစက္ကူကနေ ရောဂါကူးတာမျိုးကနေလည်း ကာကွယ်ရာရောက်အောင် အောင်မြင်တဲ့ YPS Payment Card စနစ် ဖြစ်ပေါ်လာဖို့အတွက် ပြည်သူ လူထုက ပူးပေါင်း ပါဝင်ပေးစေလိုပါတယ်။ ကုမ္ပဏီ ဘက်ကလည်း ပြည်သူတွေ အဆင်ပြေပြေသုံးနိုင်ဖို့ ကြိုးစားဆောင်ရွက်ပေးပါမယ်လို့ ပြောချင်ချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here