ကတ္တားအခြင်အတွယ် ကွာဟမှု ကြောင့် တိုးဂိတ် နှစ်ဂိတ်ကို စစ်ဆေးမှုများ ပြုလုပ်သွားမည်

757

ရန်ကုန်၊ မတ်
ကတ္တားအခြင်အတွယ်ကွာဟမှုကြောင့် တိုးဂိတ် နှစ်ဂိတ်ကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတစ်ဝန်းရှိ တိုးဂိတ်များသည် ကုန်သေတ္တာတင်ယာဉ်များကို ကတ္တားခြင်တွယ်ရာတွင် ဂိတ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်အတွင်း၌လည်း ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မတ်စ်ကတ္တားဂိတ်နှင့် သာယာဝတီရှိ မတ်စ်ကတ္တားဂိတ်တို့ကို စစ်ဆေးချိန်တွယ်မှုများ ပြုလုပ်မည် ဖြစ်သည်။

”တချို့ဂိတ်ကတ္တားတွေမှာ ချိန်တွယ်တဲ့အခါ တစ်တန်နီးပါးလောက် ကွာဟနေတဲ့အတွက် အခြင်အတွယ်ကို ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်၊ ဒီနှစ်ထဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်းက ကတ္တားဂိတ် နှစ်ခုကို စစ်ဆေး သွားမှာပါ၊ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ တိုးဂိတ်တွေမှာ ကတ္တားအခြင်တွယ် ကွာဟတဲ့အတွက် ကုန်သေတ္တာယာဉ်တွေရဲ့ ကုန်သွယ်စီးဆင်းမှုက နှောင့် နှေးနိုင်ပါတယ်၊ တစ်နိုင်ငံလုံးမှာ ကုန်သေတ္တာယာဉ်တွေကို ချိန်တွယ်တဲ့ ကတ္တားတွေက မတူညီတဲ့အတွက် ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနကို တင်ပြတောင်းဆိုထားပါတယ်”ဟု ‘မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း’ ဥက္ကဌ ဦးကိုကိုနိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ကုန်တင်ယာဉ်ချိန်တွယ်သည့် ကတ္တားဂိတ် ၁၃ဝ ကျော်ရှိပြီး တစ်ခုနှင့်တစ်ခု အခြင်အတွယ်ကွာဟနေခြင်းကြောင့် ကုန်စည် စီးဆင်းမှု နှေးကွေးသွားရာ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် များအနေဖြင့်လည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လင်းရံ

LEAVE A REPLY

Please enter your comment!
Please enter your name here