ကညနရုံးများအားလုံး ဇွန် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်၊ ယာဥ်မောင်းလိုင်စင်ဖြေဆိုခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများ ပါဝင်ခြင်းမရှိ​သေးဟုဆို

170

 

ရန်ကုန်၊ ဇွန် ၃

ကညနရုံးများအားလုံး ဇွန် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယာဥ်မောင်းလိုင်စင် ဖြေဆိုခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများ ပါဝင်မည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန မြင်သာကညနရုံးမှ သိရသည်။

လက်ရှိတွင် Covid-19 ရောဂါကာကွယ်ရေးအတွက် ကညနရုံးများ၌ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအတိုင်း စီစဥ်ဆောင်ရွက်နေပြီးကညန ရုံးများအားလုံးကို ဇွန် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး သတ်မှတ်အကွာအဝေးမှလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းစဥ်တစ်ခုကို နှစ်ဦးထက်ပိုမဝင်ရန် တားမြစ်ထားခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း ဆောင်ရွက်ရန် သတ်မှတ်ထားသည်။

“ကညနရုံးတွေ ပြန်ဖွင့်တဲ့အခါ လူဦးရေမထူထပ်အောင် ယာဥ်သက်တမ်းတိုးခြင်း၊ ယာဥ်မှန်/မမှန်စစ်ဆေးခြင်း၊ အမည်ပြောင်းဆောင်ရွက်ပေးခြင်းတွေကိုဆောင်ရွက်ပေးမှာဖြစ်ပြီး ယာဥ်မောင်းလိုင်စင်ဖြေဆိုခြင်း၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းသင်တန်းများဖွင့်လှစ်ခြင်း​စတာ​တွေကို​တော့ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်၊ ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုလည်း မကြာခင်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”ဟုကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြင်သာကညနရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်ရာတွင် လုပ်ငန်းများနိုင်နင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရှိ တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်)၊ တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊ အရှေ့ပိုင်းခရိုင်ရုံး၊အနောက်ပိုင်းခရိုင်ရုံး၊ တောင်ပိုင်းခရိုင်ရုံး၊ မြောက်ပိုင်းခရိုင်ရုံး၊ မန္တလေးတောင်ပိုင်းခရိုင်ရုံးနှင့်မြောက်ပိုင်းခရိုင်ရုံး၊ လုပ်ငန်းလိုင်စင်ရုံးများကို ဇွန် ၈ ရက်မှစက်တင်ဘာ ၃၀ ရက်အထိရုံးပိတ်ရက် စနေ့နေ့အချိန်ပိုဆင်း၍လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် ပုံမှန်ချိန်ထက်စော၍ နံနက်၈နာရီခွဲမှစပြီးလည်း​ကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here