ကညနမှ ကုန်တင် သုံးဘီးဆိုင်ကယ် မောင်းသူများအတွက် ‘ဟ’ ယာဉ်မောင်းလိုင်စင် သီးသန့်စတင် ထုတ်ပေး

1706

ယခင်က သုံးဘီးဆိုင်ကယ် မောင်းသူများအနေဖြင့် ‘ဃ’လိုင်စင်ရှိ မှသာ မောင်းနှင်ခွင့်ရရှိပြီး အဆိုပါ ‘ဃ’လိုင်စင်သည် ‘ခ’ယာဉ်မောင်း လိုင်စင်သက်တမ်း သုံးနှစ်ပြည့်ပြီးမှသာ  ‘ဃ’ လိုင်စင်ရရှိခြင်းကြောင့် နှစ်ကာလကြာရှည်စွာ စောင့်ဆိုင်းရမှုများကို ဖြေလျှော့ပေးသည့်အနေဖြင့် ဒီဇင်ဘာလအတွင်းမှစ၍ ‘ဟ’ ယာဉ်မောင်းလိုင်စင်သီးသန့် စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

 

”အရင်က သုံးဘီးဆိုင်ကယ် မောင်းတဲ့သူတွေက လုပ်ငန်းလိုင်စင်ရှိတဲ့ယာဉ်ကို မောင်းနှင်ရတာ ဖြစ်တဲ့အတွက် ‘ဃ’ လိုင်စင်ရှိမှ ပဲ သုံးဘီးဆိုင်ကယ်ကို မောင်းလို့ရတယ်၊ အဲဒီ’ဃ’လိုင်စင်က’ခ’လိုင် စင်ရပြီးရင်တောင် သုံးနှစ်စောင့်ပြီးမှ ရတာဖြစ်တဲ့အတွက် တချို့ သုံးဘီးမောင်းတဲ့သူတွေအနေနဲ့ နှစ် ကာလကြာရှည်အောင် စောင့်ရတယ်၊ ကြန့်ကြာတယ်ပေါ့၊ ဒါကြောင့် အခု ကညနက ဖြေလျှော့ပေးတဲ့အနေနဲ့ ကုန်တင်သုံးဘီးဆိုင်ကယ်မောင်းချင်တယ်ဆိုရင် ‘ဟ’ယာဉ် မောင်းလိုင်စင်ရှိရင် အလွယ်တကူ မောင်းလို့ရအောင် အခု’ဟ’လိုင်စင်အသစ် စထုတ်ပေးနေတယ်” ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ‘ဟ’ ယာဉ်မောင်း လိုင်စင်ကိုင်ဆောင်ထားသူသည် ကုန်တင်သုံးဘီးဆိုင်ကယ်အပြင် မော်တော်ဆိုင်ကယ်ပါ မောင်းနှင်ခွင့်ရရှိမည်ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ သင်မောင်း ‘သ’ လိုင် စင်(သို့) ‘က’ လိုင်စင်သက်တမ်းသုံးလ ပြည့်ပြီးသူတိုင်း လျှောက်ထားခွင့် ရရှိမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တစ်ရက်တက်ရောက်၍ လူတွေ့၊ လက်တွေ့ စစ်ဆေးဖြေဆိုရမည်ဖြစ်ကြောင်း၊ အဆိုပါ ‘ဟ’ယာဉ်မောင်း လိုင်စင်သက်တမ်းကို ငါးနှစ်သတ်မှတ်ပေးထားပြီး ‘ခ’ ယာဉ်မောင်း လိုင်စင်စစ်ဆေးသကဲ့သို့ လက်တွေ့ မောင်းနှင်ပြသရမည်ဖြစ်သဖြင့် သုံးဘီးဆိုင်ကယ်ပါ ယူဆောင်လာရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကညနရုံးမှ သိရသည်။

 

”အခု ‘ဟ’ လိုင်စင်က ကုန်တင်သုံးဘီးဆိုင်ကယ်တွေအတွက် သီးသန့်ထုတ်ပေးတာပါ၊ ခရီးသည်တင် သုံးဘီးဆိုင်ကယ်တွေက ‘ဃ’ လိုင်စင်နဲ့ပဲ မောင်းနှင်ခွင့်ရပါမယ်၊ ‘ဟ’ ယာဉ်မောင်းလိုင်စင် လျှောက်မယ်ဆိုရင် တစ်ရက်သင်တန်းအတွက်က သင်တန်းကြေး တစ်ထောင်ကျပ် သတ်မှတ်ထားပါတယ်၊ ပြီးတော့ ယာဉ်မောင်းလိုင်စင်ခ တစ်နှစ်သက်တမ်းအတွက် ကျပ်လေးရာသတ် မှတ်ထားပါတယ်၊ လိုင်စင်ကြေးက အနည်းငယ်ပဲ ကျမှာဖြစ်ပေမဲ့ အဓိက စာတွေ့၊ လက်တွေ့ဖြေဆို အောင်မြင်မှ ထုတ်ပေးမှာဖြစ်ပါတယ်၊ ‘ဟ’ယာဉ်မောင်းလိုင်စင်ကိုတော့ အဂင်္လိပ်အက္ခရာနဲ့ဆိုရင်တော့ H နဲ့ သတ်မှတ်ပေးထားတယ်”ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

 

သုံးဘီးဆိုင်ကယ်များကို အငှားယာဉ်ဟု သတ်မှတ်ထားသဖြင့် ယခင်က ‘ဃ’ လိုင်စင်ဖြင့် မောင်းနှင်ခွင့်ပြုခဲ့သော်လည်း လက်တွေ့တွင် သုံးဘီးဆိုင်ကယ်မောင်းနှင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင် ခြင်းမှာ သဘာဝမတူညီခြင်း၊ ‘ခ’ယာဉ်မောင်းလိုင်စင် သက်တမ်းသုံးနှစ်ပြည့်ပြီးမှသာ ‘ဃ’ လိုင်စင်သို့ ကူးပြောင်းရခြင်း၊ ၁၉၈၉ မော်တော် ယာဉ်နည်းဥပဒေများပါ လိုင်စင် အမျိုးအစားအလိုက် မောင်းနှင်ခွင့် သတ်မှတ်ထားသည့် ယာဉ်များနှင့် ကိုက်ညီမှု မရှိခြင်းများကြောင့် ဖြေလျှော့မှုများပြုလုပ်ကာ ယင်းသို့ ‘ဟ’ ယာဉ်မောင်းလိုင်စင် သီးသန့် ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here