ကင်ဆာဆေး အရှိန်

109

ချစ်နွေမိုး
ယနေ့အင်းစိန်ဆေးရုံတွင် ကင်ဆာပျောက်ရန် ဆေးရည်သွင်းခြင်း စရမည်။ အင်းစိန်ဆေးရုံသို့ မနက် ၈ နာရီခွဲအရောက် ချိန်းထား၏။
ရွာမကွေ့နှင့် အင်းစိန်ဆေးရုံက ဝေးလှသည်မဟုတ်။ မိနစ် နှစ်ဆယ် ခန့်ကားနှင့်သွားလျှင် ရောက်သည်။ သို့သော် ကားလမ်းက စိတ်ချရ သည်မဟုတ်။ ဘုရင့်နောင်လမ်းက လမ်းကျယ်ဖြစ်ပေမဲ့ ကားလမ်းပိတ် ပြီဆို လှုပ်မရလောက်အောင် ပိတ်သည်။
အထူးသဖြင့် ဒီလမ်းက ညနေစောင်းဆို ပိုဆိုးသည်။ ကွန်တိန်နာ ကားကြီးတွေ အဓိက သွားလာနေရသောလမ်းဖြစ်သဖြင့် ယာဉ်ကြော မကြာခဏ ပိတ်တတ်၏။
ယာဉ်ကြောပိတ်မှာစိုးသဖြင့် ယောက်ဖဖြစ်သူ မောင်တင်မျိုးနှင့် ညီ မငယ် စိုးစိုးတို့ စောစောရောက်လာကြသည်။ သူတို့က ဟိုက်လပ်ကား ဖြင့် လိုက်ပို့သည်။ ဘုရင့်နောင်လမ်းအတိုင်းမောင်းလာပြီး ကြို့ကုန်းအ ရောက်တွင် ဗဟိုလမ်းဘက်ဖြတ်ကူး၏။ ဖြတ်ကူးသည့် ဘီပီအိုင်ရှေ့က လမ်းတွင် ကားတွေပိတ်နေသဖြင့် အချိန်ကြာသွားသည်။
ဆေးရုံရောက်တော့ ၈ နာရီခွဲတော့မည်။ အင်းစိန်ဆေးရုံအပေါ်ဆုံး ထပ် ကင်ဆာဌာနကို သွား၏။ စိုးစိုး၊ ကြည်ကြည်ဝေ၊ နေဝင်းနိုင်တို့က စာရွက်စာတမ်း၊ မှတ်တမ်းအပြည့်အစုံဖြင့် ဆရာဝန်ထံပြသသည်။ ချွန် ရှုပ်က ကျွန်တော့်ဘေးမှာရပ်ရင်း ကျွန်တော်လဲမကျအောင် ထိန်းထား၏။
ကင်ဆာဌာနမှာ လူနာတွေက များသည်။ ခုတင်က နည်း၏။ အ ခန်းအတွင်းမှာ ခုတင် လေးလုံးနှင့် အခန်းအပြင်ဘက်တွင် သုံးလုံးသာ ရှိသည်။ ခုတင်တိုင်းပေါ်တွင် လူနာများရှိနေ၏။ တစ်ယောက် တစ်ခုုတင် ရှိနေခြင်းမဟုတ်။ ခုတင်တစ်လုံးတွင် လူနာနှစ်ယောက်နှုန်း ရှိနေခြင်း ဖြစ်သည်။
စာရွက်စာတမ်းစာအုပ် စစ်ဆေးပြီးသည်နှင့် နပ်စ်မလေးနှစ်ယောက် က ဆေးစသွင်းဖို့ နေရာစီစဉ်ပေးသည်။
အခန်းအပြင်ဘက် ခုတင်သုံးလုံးရှိသည့်အနက် လူနာတစ်ယောက် တည်းသာရှိသော ခုတင်ပေါ်တွင် ဘေးတစ်ဖက်ကပ်ထိုင်ခိုင်းပြီး ဆေး သွင်းဖို့ စီစဉ်ပေးခြင်းဖြစ်၏။ ပထမ ဆေးသွင်းနေသည့်လူနာက ခုတင်အ စွန်းတစ်ဖက်ကို ကပ်ပေးသည်။ ကျွန်တော်က တစ်ဖက်ကပ်ထိုင်ရသည်။
“ကင်ဆာဌာ နအခန်းကလည်း ကျဉ်းလိုက်တာ၊ ခုတင် ကလည်း နည်းတယ်၊ ဆေး တစ်ခါသွင်းရင် အနည်းဆုံးသုံးနာရီကြာ တယ်၊ လူနာ သက်သောင့်သက်သာ နေ နိုင်အောင် နေရာထိုင်ခင်း စီစဉ်ထားဖို့ ကောင်းတယ်”ချွန်ရှုပ်က သူ့အမြင်သူပြော၏။ ကျွန်တော်ဘာမှ ပြန်မပြောမိ။ သူနာပြုဆရာမလေးထိုင်ခိုင်းသည့်အတိုင်း ခုတင် တစ်ဖက်ခြမ်းတွင် ထိုင်နေလိုက်သည်။ သားနေဝင်းနိုင်က ကျွန် တော် သက်သောင့်သက်သာထိုင်နိုင်ဖို့ စောင်၊ ပုဆိုးခင်းကျင်း ပေးသည်။
နေသားတကျထိုင်ပြီးသည်နှင့် သွေးပေါင်စချိန်၏။ သွေးပေါင် ကမဆိုး။ ၁၂ဝ/၈ဝ ရှိနေသည်။ အဖျားလည်းမရှိ၊ ရင်တုန်ခြင်း လည်းမရှိ၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းကလည်း ကောင်းနေ သဖြင့် ဆေးပုလင်း တစ်လုံး စချိတ်ပေးသည်။ ကီမိုဟု ခေါ်ကြသည်။ Chemotherapy ဖြစ်သည်။
ခဏကြာတော့ ဒေါ်ယဉ်မေဦး ရောက်လာသည်။ အားပေး စကားများ ပြောကြား၏။ သူက မန္တလေးသွားရန်ရှိသဖြင့် အချိန် ကြာကြာနေ၍မရ။ နှစ်သိမ့်အားပေးစကားပြောရင်း ပြန်သွားသည်။ အဓိကပြောသည့်စကားက စိတ်ဓာတ်မကျဖို့၊ စိတ်ဓာတ်ခိုင်မာဖို့ဖြစ်သည်။ ဒေါ်ယဉ်မေဦးပြန်သွားပြီး မရှေးမနှောင်းပင် ရွေပြည်သာက ဦးလေးဦး လှမောင်နှင့် သမီးရီရီခိုင်တို့ ရောက်လာပြန်သည်။ သူတို့ကလည်း သတင်းမေးရင်း စိတ်ဓာတ်မကျဖို့ အဓိက အားပေးစကားပြောကြား၏။
ဆေးသွင်းနေချိန်အတွင်း အခြားဆေးသွင်းထားသော လူနာများ ဖြင့် စကားပြောဖြစ်သည်။ စကား အရမ်းပြောခြင်းမဟုတ်။ သူတို့က လည်း လူနာ၊ ကိုယ်ကလည်း လူနာဆိုတော့ လူနာချင်းအားပေးရုံပြော ဖြစ်၏။ လူနာစောင့်တွေကလည်း သူတို့ချင်းမိတ်ဖွဲ့ပြီး ကျန်းမာရေး အကြောင်း၊ ဆေးသွင်းခြင်းအကြောင်း ပြောဆိုနေသည်ကို တွေ့ရ၏။
“ဆေးက ပြင်းတယ်၊ ခံနိုင်ရည်ရှိဖို့ အဓိကပဲ၊ တစ်ကြိမ်တည်းဆေး သွင်းလို့မပြီးဘူး၊ တစ်ကြိမ်သွင်းရင် လေးရက်ဆက်တိုက် သွင်းရမယ်၊ ရောဂါအခြေအနေအပေါ်မူတည်ပြီး လေးငါးကြိမ်သွင်းရမယ်၊ ဆက်တိုက် သွင်းရမှာတော့ မဟုတ်ဘူး၊ ၁၅ ရက်၊ ၂ဝ ရက်လောက်ခြားပြီး တစ် ကြိမ်သွင်းရတာ”
“ဆေးသွင်းတဲ့အချိန်မှာ နုံးချည့်တာတွေ၊ ဝမ်းသွားတာတွေ၊ အပူ ပြန်တာတွေ၊ ရင်ထဲကတုန်ကရင်ဖြစ်တာတွေ၊ နာကျင်ကိုက်ခဲတာတွေ၊ အမျိုးမျိုး ဖြစ်တတ်တယ်”
“ဆေးကပြင်းတော့ ဆံပင်ကျွတ်တာတွေလည်း ဖြစ်တတ်တယ်”
“အဓိကက အားရှိအောင် အစားအသောက် များများစားဖို့လိုတယ်၊ နောက်ပိုင်းဆို စားချင်သောက်ချင်စိတ် မရှိချင်လောက်အောင် ဖြစ်တတ် တယ်၊ စားနိုင်သလောက် စားထားတာ အကောင်းဆုံးပဲ”
“ဆေးသွင်းတဲ့ အကြိမ်အရေအတွက်ပြီးသွားမှ ဓာတ်ကင်လို့ရတာ၊ ဓာတ်ကင်တာက တစ်နေ့တည်း တစ်ကြိမ်တည်း ပြီးသွားတာမဟုတ်ဘူး၊ တစ်ခါကင်ရင် မိနစ်ပိုင်းလေးပဲ ကြာတယ်၊ တစ်လလောက် ဆက်တိုက် ကင်ရတယ်”
လူနာစောင့်များ၏ အတွေ့အကြုံအပေါ် ပြောနေသည့်စကားများကို မျိုးစုံကြားနေရ၏။ သို့ဆိုလျှင် ယခုမှ ဆေးစသွင်းသည့် ကျွန်တော် ဓာတ်ကင်၍ပြီးသွားသည်အထိ အနည်းဆုံးသုံးလေးလခန့် ကြာပေဦးမည်။ လေးငါးလခန့် လူနာဘဝ၊ လူမမာဘဝပိုင်ဆိုင်နေရဦးမည်။ ဆေးရှိန်ကြောင့် ဖြစ်ပေါ်လာမည့်လက္ခဏာများကို စိတ်ဓာတ်ခိုင်မာစွာ ဖြတ်ကျော် ရပေ ဦးမည်။
ပထမဆေးပုလင်း ချိတ်တာ နှစ်နာရီကြာသွား၏။ သူနာပြုဆရာမ လေးက ဆေးရည်ကုန်သွားသော ပထမဆေးပုလင်းကိုဖြုတ်၍ နောက် ထပ် နှစ်ပုလင်း ထပ်ချိတ်သည်။ ဆေးနှစ်ပုလင်း တစ်ပြိုင်နက်ချိတ်၏။ ပထမနေ့တွင် ဆေးသွင်းချိန် ငါးနာရီတိတိ ကြာသွား၏။
ဒုတိယနေ့တွင် ဆေးရည်ပုလင်း နှစ်ပုလင်းပဲ ချိတ်သည်။ တတိယ နေ့နှင့် စတုတ္ဃနေ့တွင်လည်း ဆေးပုလင်းနှစ်လုံးစီပဲ ချိတ်သည်။ တစ်ခါ ခိျတ်လျှင် သုံးနာရီနှင့် လေးနာရီကြား ကြာတတ်၏။
ပထမအကြိမ် လေးရက်အတွင်း ဆေးရည်ပုလင်း ကိုးလုံးချိတ်၍ ဆေးသွင်းရသည်။ ဆေးရုံတက်၍ ဆေးသွင်းရခြင်းမဟုတ်။ ဆေးရုံသို့ မနက်ပိုင်းရောက်အောင်သွားပြီး ဆေးရည်ပုလင်းချိတ်ရသည်။ ဆေးသွင်း ၍ပြီးသည်နှင့် အိမ်ပြန်နားရသည်။
ဆေးရုံက ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြု ဆရာမတွေအားလုံး တော်သည်။ လူနာတွေအပေါ် ဆင်းရဲချမ်းသာမရွေး ဂရုတစိုက် ကုသပေးသည်။ မိသားစုဝင်တွေကဲ့သို့ မညည်းမညူစောင့် ရှောက်ပေးသည်။ အချို့လူနာတွေက ဇီဇာကြောင်သည်။ ဇီဇာကြောင် သော်လည်း သူတို့က သည်းခံကြ၏။ စိတ်ဓာတ်ပြည့်ဝ၍ သဘောကောင်း သူတွေမို့ လူနာတွေရော၊ လူနာစောင့်တွေကပါ လေးစားချစ်ခင်ကြသည်။
မည်သည့် လာဘ်လာဘကိုမ၊ျှလည်း မမျှော်ကိုး။ မည်သူ့ကိုမှလည်း ဟိန်းဟောက် ခြိမ်းခြောက်ခြင်းမရှိ။ တန်ဖိုးရှိသော ဝန်ထမ်းကောင်းတွေ အဖြစ် မှတ်ကျောက်တင်လောက်သည်။
ဆေးသွင်းကာလ ပထမအကြိမ်အပြီးတွင် Chemotherapy ဆေးသွင်း၊ ဆေးစားသောလူနာများ သိထားသင့်သည့်အချက်များ ရိုက်နှိပ်ထားသည့် သတိပေး လက်ကမ်းစာရွက်များပေးသည်။ သတိပေးစာရွက်သုံးရွက်ဖြစ်ပြီး လိုက်နာကျင့်သုံးရန် ၁၅ ချက်တိတိ ပါသည်။
အမှတ်စဉ် (၁၁)တွင် Chemotherapy ဖြင့် ကုသယူနေသူများသည် သာမန်လူများနှင့်နှိုင်းယှဉ်လျှင် အနည်းနှင့်အများ ကိုယ်ခံအား ကျဆင်း နေသူများဖြစ်သဖြင့် လူနာများ၏စိတ်ထဲတွင် သံသယမရှင်းသည့် လက္ခ ဏာများဖြစ်ပေါ်လာတိုင်း ဆရာဝန်နှင့်ပြသပါက အန္တရာယ် အကင်းဆုံး ဖြစ်သည်။ လူနာ၏စိတ်ထဲတွင် ‘အရေးမကြီး’ဟု ထင်နေသော အချက် များသည် ဆရာဝန်အတွက် ‘အရေးကြီး’သောအချက်များ ဖြစ်နေတတ် ပါသည်ဟု သတိပေးထားသည်။
အမှတ်စဉ်(၁၂)တွင် Chemotherapy ဆေးဝါးသစ်များ ပေါ်ထွန်း လာသည်နှင့်အမျှ ယင်းနှင့်ပတ်သက်သည့် ရောဂါအတော်များများကို Chemotherapy နှင့် သက်သာပျောက်ကင်းအောင် ကုသလာနိုင်ပြီ ဖြစ်ပါသည်ဟု ရေးသားထားသည်။
သတိပေးစည်းကမ်းချက်များက အားရှိစရာကောင်းသည်။ စိတ်ခွန် အားကို ဖြစ်စေသည်။ စိတ်ဓာတ်ခွန်အားဖြစ်ခြင်းက ရောဂါ တစ်စိတ်တစ် ဒေသကို သက်သာစေခဲ့၏။ လေးရက်မြောက်ဆေးသွင်းပြီး အိမ်ပြန်နား ခါနီး သူနာပြုဆရာမတစ်ယောက်က လက်ရေးဖြင့်ရေးသားထားသော စာရွက်တစ်ရွက်ထပ်ပေးသည်။ စာထဲတွင် . . .
“နီရဲသောအသား (အမဲ၊ ဝက်၊ ဆိတ်၊ ချေ၊ ဆတ်)အသားများ ရှောင်ရမည်၊။ ကလီစာများ၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်နှင့် မီးဖုတ်စာ များရှောင်ရမည်။ ဆီများသော အစာများ၊ အပူအစပ်များ စသည်တို့ စား သုံးခြင်းမှ ရှောင်ရမည်။ ကြာရှည်ခံအောင် လုပ်ထားသော အစားအစာ များ၊ ဆီသွတ်ဘူးများ စားသုံးခြင်းမှ ရှောင်ရမည်။ လတ်ဆတ်သော (အသား၊ ဘဲ၊ ကြက်)ငါးများ၊ အသီးအနှံ၊ အသီးအရွက်များကို ရေစင် အောင်ဆေး၍ ကျက်အောင်ချက်ပြီးမှ စားသုံးရမည်။ ရေများများသောက် ရန်လိုအပ်သည်” ဟူ၍ ရေးထား၏။
အစားအသောက် ဆင်ခြင်စားသုံးရန် သတိပေးထားသောစာဖြစ် သည်။ ပထမအကြိမ် လေးရက်ဆေးသွင်းစဉ် ထုံခြင်း၊ ကျဉ်ခြင်း၊ နာခြင်း ဘာတစ်ခုမျှ မဖြစ်ခဲ့။ လေးရက်ပြီးဆုံး၍ အိမ်မှာနှစ်ရက်ပဲနားရသေးသည်။ ဆေးက အစွမ်းပြလာ၏။
အိပ်ရာထကတည်းက ပါးစပ်၊ ခံတွင်း၊ လည်ချောင်း၊ တံတွေး မျို ချမရလောက်အောင် နာကျင်နေသည်။ ပါးစပ်ဖွင့်၍မရ။ ဆေးရုံမှ ပေး ထားသည့်ဆေးများ သောက်သော်လည်း မသက်သာ။ ဝမ်းက မကြာခဏ သွား၏။ ဗိုက်ကရစ်ပြီး နာနေပြန်သည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နုံးချည့်နေပြန်၏။ အသားများပင် တဆတ်ဆတ်တုန်နေခဲ့သည်။ ခန္ဓာကိုယ် ထဲက ပူနေ၏။
ရောဂါနှင့်ဆေး တိုက်ပွဲဝင်နေလေပြီ။ နေမသာထိုင်မထိ ဆိုးရွားသည့် အခြေအနေကို ခံစားနေရ၏။ မိသားစုဝင်တွေရော၊ ညီမတွေရော၊ ချွန် ရှုပ်ပါ ကျွန်တော့်ဘေးတွင်ဝန်းရံ၍ အခြေအနေကြည့်နေ၏။
“Chemotherapy သွင်းပြီးခါစတွင် ဆေးအာနိသင်ကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ နုံးခွေခြင်း၊ မအီမလည်ဖြစ်ခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ယင်းလက္ခဏာများသည် အန္တရာယ်ရှိသော လက္ခဏာ များမဟုတ်ပါ။ သက်ဆိုင်ရာဆရာဝန်ကို အကြောင်းကြားပါက ယင်းလက္ခ ဏာများ လျော့ပါးပျောက်ကင်းစေရန် သင့်တော်သောဆေးဝါးများ သောက် သုံးရန် ညွန်ကြားပေးပါမည်” ဟု သတိပေးစာတွင် ရေးသားထားကြောင်း ကျွန်တော် ဖတ်ထားမိ၏။
“ဆရာချစ် ဘယ်လိုနေသလဲ”
မရှုမလှခံစားနေရသော ကျွန်တော့်ကိုကြည့်ရင်း ချွန်ရှုပ်မေးသည်။ ကျွန်တော်စကားပြန်ပြောသော်လည်း အသံကမထွက်။ လည်ချောင်းတွေ အက်ကွဲမတတ် နာနေသည်။
ဆရာဝန်ဆီ သွားပြချင်ကြောင်း၊ ခြေဟန်လက်ဟန်ဖြင့် ပြလိုက်၏။ သည်တော့ ဆရာဝန်ကြီးရှိရာ ဆေးရုံကို ကားဖြင့်ပြေးရသည်။ ဒေါ်ကြည် ကြည်ဝေ၊ စိုးစိုးကြည်၊ နေဝင်းနိုင်၊ ချွန်ရှုပ်နှင့် မဖြူတို့ လိုက်ပါလာခဲ့ကြ ၏။
ဆေးရုံရောက်၍ သွေးပေါင်ချိန်ကြည့်တော့ ၉ဝ/၉ဝ ပဲရှိ၏။ သွေး ပေါင်ကျနေသည်။ တစ်ခါတစ်ခါ အသက်ရှူရခက်နေ၏။ ချွဲများက လည် ချောင်းအတွင်း ပိတ်ဆို့နေပြန်သည်။
သည်ရောဂါလက္ခဏာက ဖြစ်လေ့ဖြစ်ထရှိကြောင်း ဆရာဝန်ကြီးက ရှင်းပြပြီး ဆေးထိုးပေး၏။ သောက်ဆေးတွေ ပေး၏။ စိတ်ပူပန်မှုမရှိကြ ရန် နှစ်သိမ့်ပေးသည်။ ဆရာဝန်က မိသားစုကိုရှင်းပြနေချိန်မှာ ကျွန် တော့်တစ်ကိုယ်လုံး လှုပ်မရလောက်အောင် နုံးချည့်နေ၏။ ကိုက်ခဲနာကျင် မှုက အထွတ်အထိတ်ရောက်နေသည်။ သတိမလစ်အောင် စိတ်ကိုမနည်း ထိန်းထားရ၏။
ဆေးရုံမှာ ဆေးထိုး၊ ဆေးသောက်ပြီး ခဏနားသည်။ တအောင့် မျှနားပြီး အိမ်ပြန်ခဲ့ကြ၏။ အိမ်ရောက်တော့ အိပ်ရာထက်ခွေ၍ လဲနေ တော့သည်။ မိသားစုဝင်တွေ၊ ညီမတွေ၊ သတင်းမေးသည့်ဧည့်သည်တွေ စကားပြောဆိုနေသံများ ကြားနေရ၏။ ကျွန်တော် ဘာမှပြန်မပြောနိုင်။ ပြင်းထန်သောနာကျင်မှုကြောင့် ဝေဒနာမှတ်ရင်း ဝင်လေထွက်လေ ရှူ နေမိသည်။
ဘယ်သူဘယ်လိ်ု စီစဉ်လိုက်သည်မသိ။ ကျွန်တော့်အိပ်ရာနားတွင် ရေဒီယိုဆောင်းဘောက်တစ်ခု ရောက်နေသည်။ ပရိတ်၊ ပဋာန်းအခွေဖွင့် ထား၏။ ကျွန်တော့်နားအစုံကို ပရိတ်၊ ပဋာန်းတရား လာရာဆီသို့ ပို့ထား လိုက်၏။
နာကျင်မှုသက်သာစေသရန် စိတ်ကိုလျှော့ထားပြီး ပြုခဲ့ဖူးသမျှသော ကောင်းမှုကုသိုလ်တွေကို နှလုံးသွင်းနေမိ၏။ ရောဂါဖြစ်သည့်အချိန်မှစ၍ ဆေးခန်း၊ ဆေးရုံ ပြေးလွားခဲ့ရတာတွေ၊ အစားအသောက်စားမရသဖြင့် ခံစားခဲ့ရတာတွေ၊ တိုင်းရင်းဆေးဝါးဖြင့် ကုသခဲ့ရတာတွေ၊ ဓာတ်ကုနတ် ကု ယတြာကုတို့ဖြင့် ကုသခံခဲ့ရပုံတွေ၊ မန္တလေး၊ ပြင်ဦးလွင်ခရီးထွက်ပြီး ဆရာသမားတွေနဲ့ ဆေးကုသခဲ့ရပုံတွေ၊ ခရီးသွားရင်း ရွေသင်္ကန်းကပ် လှူတာ၊ ဝါဆိုသင်္ကန်းကပ်လှူတာ၊ အဓိဋာန်ပွဲတွေလှူတာတွေ အမျိုးမျိုး တွေးရင်း စိတ်လျှော့ထားမိ၏။
ဖွင့်ထားသောတရားကို နာရင်း၊ ဝင်လေထွက်လေ အာနာပါနရှုမှတ် ရင်း ဝေဒနာကို စိတ်ဖြင့်ကုနေမိ၏။
“ဆရာချစ်၊ စိတ်မလျှော့နဲ့နော်၊ ဆေးအရှိန်ကြောင့် ဖြစ်နေတာပါ၊ မကြာခင် သက်သာသွားမှာပါ”
ချွန်ရှုပ်အားပေးသံကို ကျွန်တော်ကြားရ၏။ ကြားပေမဲ့ ဘာမှပြန်မ ေြပာနိုင်ခဲ့။ ြငိမ်၍သာေနခဲ့သည်။
ကျွန်ေတာ့်နားထဲတွင် ပဋာန်းရွတ်သံ ြကားေနရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here