ကင်ဆာခရီးသည် အပိုင်း(၄)

218

ဘိုတက်ကုန်းဆရာတော်ဆီသို့

ခံစားနေရသော ဝေဒနာကို သဘာဝအလှများဖြင့် တဒင်္ဂဖုံးလွမ်း ချင်သောဆန္ဒ ရှိနေသည်။ သည်တော့ ပြင်ဦးလွင်သို့။
၂၁ မိုင်က ဇင်မင်းကိုကိုအိမ်မှာ ခရီးတစ်ထောက်နားသည်။ ဇင်မင်း ကိုကို၏ချစ်ဇနီး ရီရီဝင်းက သဘောကောင်းလွန်းသည်၊ ဟင်းချက် ကောင်းလွန်းသည်၊ ပွင့်လင်းရိုးသားမှုရှိသည်၊ ခင်မင်ဖော်ရွေတတ်သည်။ ဘွဲ့ရ စာရေးဆရာမတစ်ဦးလည်းဖြစ်သည်။ ဘွဲ့ရစာရေးဆရာမပီပီ စာပေ စိတ်ဓာတ်ရှိပြီး စာပေသမားများကို လေးစားတတ်သည်။ ကျွန်တော်တို့ ရောက်ကတည်းက နေဖို့၊ စားဖို့ အဆင်သင့်ပြင်ဆင်ပေးသည်။
ပြင်ဦးလွင်သို့ ခရီးဆက်တော့ ရီရီဝင်းတို့သားအမိပါ ပါလာသည်။ သူတို့သားအမိသာ မဟုတ်။ စဉ့်ကိုင်မှ ကိုဝင်းနိုင်ရောက်လာသဖြင့် ပြင်ဦး လွင်သို့ ကိုဝင်းနိုင်ပါ လိုက်ပါလာခဲ့၏။ ပြင်ဦးလွင်ခရီးက လူစုံသွားသည်။ ရွေပန်းလောင်၊ ဇင်မင်းကိုကို၊ ရီရီဝင်း၊ ချစ်ကေ၊ ကိုဝင်းနိုင်၊ ဒေါ်ယဉ် မေဦး၊ ကြည်ကြည်ဝေ၊ နေဝင်းနိုင်၊ ပြီးတော့ ကလေးနှစ် ယောက်နှင့် ကျွန်တော်။ ကျွန်တော်က ကျန်းမာရေးမကောင်း သူဆိုတော့ အားလုံးက ကျွန်တော့်ကို ဂရုစိုက်ကြသည်။
၂၁ မိုင်က စထွက်ခဲ့၏။ ပြင်စာ ကျော်သည်နှင့် အအေး ဓာတ်က မသိမသာ ပိုလာသည်။ ပြင်ဦးလွင်ကိုဝင်တော့ အအေး ဓာတ်က သိသိသာသာ ပိုလာ၏။ သိသိသာသာဆိုသော်လည်း အလွန်အေးသည်မဟုတ်။ မိုးတွင်းဖြစ်လို့ နေကောင်း ထိုင်သာရှိ ရုံလောက် အေးခြင်းမျှသာ အေးသည်။
ရွေပန်းလောင်က အံ့ထူးကံသာဘုရားသို့ အရင်ပို့သည်။ ဘုရားဖူးပြီး ဘုရားရင်ပြင်တော်ပေါ်မှာ အပြင်ဘက်ရှိ သဘာဝ ရှုခင်းများကို ကြည့်ရှုခံစားမိသည်။ သဘာဝရှုခင်းများက လှပ လွန်းနေသည်။ ရေမြေတောတောင် သဘာဝအလှများကြောင့် ခံစားနေရသော ဝေဒနာကို ခေတ္တမေ့သွားခဲ့သည်။
ကြည်ညိုသပ္ပာယ်ဖွယ်ကောင်းသော မဟာအံ့ထူးကံသာ ဘုရားကို အားပါးတရဖူးမြော်ပြီးနောက် ပိတ်ချင်းမြောင်သို့ ခရီးဆက်ခဲ့ကြသည်။ ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူက ထူး ဆန်းအံ့သြဖွယ်ကောင်းသည်။ လိုဏ်ဂူထဲတွင် စေတီပုထိုးများ စွာရှိ၏။
တောင်ကမ်းပါးယံ၊ ကျောက်တောင်ကျောက်ပန်းခက်တို့မှ သဘာဝ အလျောက်ထွက်နေသော ကျောက်စက်ရေတို့က ကြည်လင်အေးမြနေသည်။ လိုဏ်ဂူထဲရှိ ဘုရားများဖူးမြော်နိုင် ရန် လျှပ်စစ်မီးများဖြင့် ပူဇော်ထားပြီး လမ်းလျှောက်ရင်း ချော်မလဲစေရန် အခင်းများခင်းထား၏။ သည်တော့ သွားရလာရ၊ ဖူးမြော်ရတာ အဆင်ပြေသည်။
လိုဏ်ဂူအပြင်ဘက်တွင် ကျောက်တောင်ပေါ်မှ ရေများ အဆက်မပြတ် စီးဆင်းနေ၏။ သဘာဝကျောက်စက်ရေများဖြစ်၍ ကြည်လင်အေးမြနေသည်။ ကျောက်တောင်၊ ကျောက်တုံး၊ ကျောက်ကမူများကြား ရေချိုးသူတို့ ချိုးကြ၏။ အနားယူစရာ ဇရပ်ရှိသဖြင့် ဇရပ်ပေါ်နားသူ နားကြသည်။
ပိတ်ချင်းမြောင်လှိုဏ်ဂူနှင့် မလှမ်းမကမ်းတွင် သုံးဆင့်ရေ တံခွန်ရှိ၏။ ရေတံခွန်စီးဆင်းပုံက အင်မတန်ကြည့်၍ လှသည်။ တောရိပ်တောင်ရိပ် သဘာဝ ကျောက်စက်ရေငွေ့များကြောင့် ပိတ်ချင်းမြောင်ဝန်းကျင်တစ်ခုလုံး အေးချမ်းသာယာလှသည်။
အေးချမ်းသာယာလှသော ပိတ်ချင်းမြောင်သဘာဝလိုဏ်ဂူ နှင့် ပတ်ဝန်းကျင်အလှများကို လွတ်လပ်စွာခံစားရင်း အချိန်ကုန် သွားခဲ့သည်။ ညနေစောင်းမှ ပိတ်ချင်းမြောင်က ပြန်ထွက်ခဲ့ကြ ၏။
ပိတ်ချင်းမြောင်က ပြန်ထွက်ခဲ့သော်လည်း တည်းခိုမည့်အိမ်သို့ တိုက်ရိုက်မပြန်သေး။ ရွေပန်းလောင်က နှီးဘုရားကြီးကို ဖူးမြော်ရန် နှီး ဘုရားကြီးရှိရာသို့ ပို့ဆောင်ပေး၏။
နှီးဘုရားကြီးကလည်း ကြည်ညိုဖွယ်ကောင်းသည်။ ရွေရောင်က ဖိတ်ဖိတ်တောက်နေ၏။ ဘုရားကြီးရှေ့ရှိ နှီးဆွမ်းအုပ်ကြီးကလည်း ခံ့ ထည်လှသည်။ နှီးများဖြင့် ရက်လုပ်ထားသည့် အံ့မခန်းဘုရားကြီးကို လက်အုပ်မိုး၍ အကြိမ်ကြိမ်ပူဇော်မိသည်။ နောက်နောင်တွင်လည်း အကြိမ် အခါခါထပ်တလဲလဲ ဖူးခွင့်ရပါလိုကြောင်း ဆုတောင်းမိ၏။
မိုးချုပ်မှ ၂၁ မိုင်က တည်းခိုမည့်အိမ်သို့ ပြန်ရောက်သည်။ ရွေပန်း လောင်က တာဝန်ကျေအောင် ပို့ဆောင်ပေးပြီး သူ့ကားနှင့် ပြန်လည် ထွက်ခွာသွား၏။
ဒီနေ့အဖို့ ရွေပန်းလောင်ကားရှိသဖြင့် တော်တော်လေး အဆင်ပြေ ခဲ့ရသည်။ မန္တလေးဘူတာ ရောက်ပြီးကတည်းက ပူပင်သောကမရှိခဲ့ရ။ ရွေပန်းလောင်က သူ့ကားဖြင့် အသင့်လာကြိုသည်။ ပြီးတော့ ကျွန်တော် ဆေးကုသခံယူဖို့ ရန်ကင်းတောင်က ညောင်ကိုးပင်ကျောင်းကို လိုက်ပို့ ၏။ ညောင်ကိုးပင်ဆရာတော်ထံတွင် ဆေးကုသမှုခံယူပြီးသည်နှင့် ပြင် ဦးလွင်သို့ လိုက်ပို့ပြန်၏။ မဟာအံ့ထူးကံသာ၊ ပိတ်ချင်းမြောင်လိုဏ်ဂူ၊ နှီးဘုရားကြီးတို့ကို ရောက်ခဲ့၏။ ရုက္ခဗေဒဥယျာဉ်ကိုတော့ အချိန်မရ၍ မဝင်ခဲ့ရ။ မိုးချုပ်တော့ တည်းခိုမည့် ၂၁ မိုင်အထိ ပို့ဆောင်ခဲ့သည်။
ရွေပန်းလောင်ကိုရော၊ ရွေပန်းလောင်၏ ခွေးဘီလူးကားလေးကို ရော ရင်ထဲမှ ကျေးဇူးတင်မိခဲ့သည်။
‘‘မနက်ဖြန် ဘယ်သွားမလဲ’’
‘‘ဘိုတက်ကုန်းဆရာတော်ဆီသွားချင်တယ်’’
‘‘ဘိုတက်ကုန်းဆရာတော်လည်း နာမည်ကြီးတာပဲ၊ ရောဂါအစုံ ပျောက်ကင်းတယ်လို့ ကြားဖူးတယ်၊ ဆရာတော်က ဗိန္ဓောနည်းနဲ့ကုတာ’’
‘‘ဘယ်နည်းနဲ့ပဲ ကုကု၊ အဓိကက ရောဂါပျောက်ဖို့ပဲ’’
‘‘ဘိုတက်ကုန်းက ဘယ်နားမှာလဲ၊ ဘယ်လိုသွားမလဲ’’
‘‘ဘိုတက်ကုန်းက လဒ်ကောင်းနားမှာ၊ ပန်းတန်းနဲ့နီးတယ်’’
‘‘ဘယ််လိုသွားမလဲ၊ ကားစီစဉ်ရမလား’’
‘‘လိုင်းကားနဲ့ သွားလို့ရသလား၊ လိုင်းကားစီးဖူးချင်လို့’’
‘‘ရပါတယ်၊ ၂၁ မိုင်ကနေ၊ လဒ်ကောင်းကို မန္တလေးလမ်းအတိုင်း ဆင်း၊ လဒ်ကောင်းရောက်တော့ ကယ်ရီတစ်ဆင့် ငှားသွားရင်ရတယ်’’
‘‘ဒါဆိုရင် အဆင်ပြေပါတယ်’’
မနက်ဖြန်အတွက် တိုင်ပင်ပြီး နားကြသည်။ ၂၁ မိုင်တွင် နားစရာ နှစ်အိမ်ရှိ၏။ တစ်အိမ်က ဇင်မင်းကိုကို၊ မရီရီဝင်းတို့အိမ်ဖြစ်ပြီး တစ်အိမ် က ချစ်ကေ၏အိမ် ဖြစ်၏။
ဇင်မင်းကိုကိုအိမ်က လမ်းမဘေးတွင်ဆိုတော့ သွားရေးလာရေးလွယ် ကူသည်။ ချစ်ကေအိမ်က ရွာထဲ နည်းနည်းဝင်ရ၏။ ချစ်ကေအိမ်ကကျဉ်း ပေမဲ့ ခြံကကျယ်သည်။ ခြံအကျယ် လေးဧကရှိသဖြင့် လွတ်လွတ်လပ် လပ်နေနိုင်၏။
ဒေါ်ကြည်ကြည်ဝေ၊ နေဝင်းနိုင်နှင့် ကျွန်တော်က ဇင်မင်းကိုကိုအိမ် တွင် တည်းသည်။ ဒေါ်ယဉ်မေဦးက ချစ်ကေအိမ်မှာ လိုက်တည်း၏။ သူတို့ကလည်း တာဝန်ကျေသည်။ နေထိုင်ဖို့၊ စားသောက်ဖို့၊ အားလုံး အဆင်သင့် ပြင်ပေးထားတတ်သည်။
နောက်တစ်နေ့ ကျွန်တော်တို့အပြင်မထွက်မီ သပိတ်ကျင်းမှ ဦးခင် မောင်အေးနှင့် ဦးဇော်လင်းတို့ရောက်လာသည်။ ကျွန်တော့်ကျန်းမာရေး အတွက် သတင်းမေးရင်း တတ်နိုင်သမျှ လှူဒါန်းကန်တော့သွားကြ၏။ ကျန်းမာရေးမကောင်းသည့်အချိန်မှာ မိတ်ဆွေတွေ၊ တပည့်တွေ၊ အပေါင်း အသင်းတွေရဲ့ အားပေးမှုက တကယ့်ခွန်အားတစ်ခုပါ။
အချို့က ငွေကြေးနဲ့ ပံ့ပိုးကူညီလှူဒါန်းသည်။ အချို့က စားကောင်း သောက်ဖွယ်၊ မုန့်မျိုးစုံ၊ ဆေးမျိုးစုံနဲ့ လှူဒါန်းပို့ပေးကြသည်။ အချို့က ဖုန်းနဲ့အားပေးကြသည်။ အချို့က ဖေ့စ်ဘုတ်မှာ ကောမန့်တွေနဲ့ အားပေး သည်။ အချို့က မက်ဆင်ဂျာတွေ၊ ဗိုက်ဘာတွေနဲ့ အားပေးသည်။ ဒါ တွေက ကျန်းမာရေးမကောင်းတဲ့ ကျွန်တော့်အတွက် တကယ့်ခွန်အား တွေပါ။
အဲဒီအားပေးမှုတွေက ခွန်အားဖြစ်စေပြီး ရောဂါတစ်ဝက်သက်သာ ခဲ့သည်။ အချို့ဆိုလျှင် သူတို့သိဖူး၊ ကြုံဖူး၊ ကြားဖူးတဲ့ ဆေးနည်းကောင်း တွေနဲ့ အကြံပေးကြ၏။ တကယ်လေးစားစရာတွေပါ။
အခု ၂၁ မိုင်နဲ့ သပိတ်ကျင်းဆိုတာ မိုင် တစ်ရာကျော်ဝေး၏။ အဲဒီ ကနေ တကူးတကလာရောက် သတင်းမေး လှူဒါန်းတဲ့အတွက် ရင်ထဲမှာ ကျေနပ်ပီတိဖြစ်မိသည်။ သူတို့ကိုလည်း လေးစားမိသည်။
သူတို့ပြန်သွားတာနဲ့ ဘိုတက်ကုန်းသွားဖို့ စီစဉ်၏။ ဒေါ်ယဉ်မေဦး က အိ်မ်မှာပဲနေခဲ့သည်။ ဒေါ်ကြည်ကြည်ဝေ၊ နေဝင်းနိုင်နဲ့ လိုက်ပါပြီး သုံးယောက်ပဲ ၂၁ မိုင်က ထွက်လာခဲ့၏။
ဇင်မင်းကိုကို၊ ချစ်ကေနဲ့ ဒေါ်ယဉ်မေဦးတို့က ဘိုတက်ကုန်းရောက် မယ့်ကားပေါ် လိုက်တင်ပေးသည်။ ဘိုတက်ကုန်းက လိုင်းကားတိုက်ရိုက် ရောက်တာ မဟုတ်ဘူး။ လဒ်ကောင်းရောက်မှ ကယ်ရီတစ်ဆင့် ငှားရမှာ။
‘‘လဒ်ကောင်းဆိုင်းဘုတ်နားမှာ ရွာတွေထဲသွားတဲ့ ကယ်ရီတွေရှိ တယ်၊ ဆိုင်းဘုတ်နားမှာ သေသေချာချာရပ်ပေးပါ’’
ချစ်ကေက ကားသမားကို တဖွဖွမှာသည်။
၂၁ မိုင်က ကားစထွက်လာ၏။ အိုးတစ်လုံးကွေ့၊ ၁၆ မိုင်၊ အုန်းချော၊ ကုလားကြီးပန်းခြံ၊ ပန်းတန်းတို့ကို ကျော်ပြီး လဒ်ကောင်းရောက်လာ၏။ ကားသမားက ချစ်ကေမှာလိုက် သည့်အတိုင်း လဒ်ကောင်းဆိုင်းဘုတ် ရှေ့တည့်တည့်တွင် ရပ် ပေးသည်။ ကျွန်တော်တို့ ကားပေါ်ကဆင်း၏။
ကားရပ်တာမြင်လိုက်သည်နှင့် အနီးအနားရှိ ဆိုင်ကယ် ကယ်ရီ၊ သုံးဘီးတွေ ကျွန်တော်တို့နား ရောက်လာသည်။
‘‘ဘယ်သွားမလဲ၊ ဘယ်ပို့ပေးရမလဲ’’
‘‘ဘိုတက်ကုန်းကို သွားချင်လို့’’
‘‘ရပါတယ်’’
‘‘ဘယ်လောက်ပေးရမလဲ’’
‘‘သုံးထောင်ပဲပေး’’
လဒ်ကောင်းနှင့် ဘိုတက်ကုန်းက ဘယ်လောက်ဝေးသည် မသိ။ ဘိုတက်ကုန်းက ဘယ်နားမှာမသိ။ ဒီတော့ တောင်းသည့် စျေးအတိုင်း မဆစ်ဘဲ စီးခဲ့သည်။
‘‘ဆေးကုတဲ့ဆရာတော်ဆီ သွားချင်တာ’’
‘‘ဘိုတက်ကုန်းမှာ ကျောင်းတိုက် သုံးလေးခုရှိတယ်၊ ဆေး ကုတဲ့ ဆရာတော်ဆီ အရောက်ပို့ပေးပါ့မယ်’’
‘‘ဆရာတော်ဆီမှာ ဆေးကုခံနေတဲ့ လူနာတွေ များလား မသိဘူး’’
‘‘လူနာတွေကတော့ များတယ်၊ တစ်ခါတစ်ခါ တိုကင်ကြို ယူထားရတယ်၊ ဆရာတော်က ဆေးကုတာမေတ္တာ၊ စေတနာ ပါတော့ ဆေးစွမ်းတယ်၊ ရောဂါတော်တော်များများ ပျောက်တယ် လို့ နာမည်ကြီးတယ်၊ အနယ်နယ်အရပ်ရပ်က လာကြတာ’’
‘‘တို့လည်း အဲဒီလိုသတင်းကြားလို့ ရန်ကုန်ကလာခဲ့တာ’’
‘‘တိုကင်ယူထားသေးလား’’
‘‘ဟင့်အင်း၊ ယူမထားရသေးဘူး’’
‘‘လူနာများရင်တော့ ချက်ချင်းကုလို့ရမှာ မဟုတ်ဘူး၊ လူနာနည်းရင်တော့ ကုပေးလိမ့်မယ်’’
‘‘ကုကု၊ မကုကု တို့ပြန်ဖို့စောင့်ပေးပါ’’
သုံးဘီးဆိုင်ကယ်သမားကို အပြန်အတွက်ပါ တစ်ခါတည်း ငှားထားလိုက်၏။
ငှားမထား၍ မဖြစ်။ လဒ်ကောင်းမှ ဘိုတက်ကုန်းကို တော် တော်ဝင်ရ၏။ ရွာတွေကိုဖြတ်သည်။ ရွာလမ်းအတိုင်း ဝင်သည်။ ဟိုကွေ့၊ သည်ကောက်ဆိုတော့ လမ်းတွေမမှတ်မိတော့။
သုံးဘီးဆိုင်ကယ်သမားကလည်း သဘောကောင်းသည်။ သိလို သည်များ ရှင်းပြ၏။ ကယ်ရီမောင်း ညင်သာ၏၊ စိတ်ရှည်၏။
‘‘တိုကင်ကြိုယူထားတာ မဟုတ်တော့ လူနာတွေများနေရင် ဒုက္ခပဲ’’
‘‘ဘယ်တတ်နိုင်မလဲ၊ စောင့်သင့်ရင်တော့ စောင့်ရမှာပေါ့၊ ကိုယ်က ကြိုတင် တိုကင်ယူရတာတွေ၊ စာရင်းပေးရတာတွေ သိတာမှမဟုတ်တာ’’
ကျောင်းဝင်းထဲသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဝင်လာခဲ့သည်။ ဆေးခန်း ရှေ့တွင် လူလေးငါးဦးထိုင်နေသည်ကို တွေ့လိုက်ရ၏။ ဆေးခန်းက ဆိုင်းဘုတ်ရေးထားခြင်း မရှိ။
‘‘ဒီနေ့ အဆင်ပြေပါ့မလားမသိဘူး’’
ဆိုင်ကယ်ကယ်ရီပေါ်ကဆင်း၍ ဆေးခန်းအပေါက်ဝအထိ လမ်း လျှောက်ခဲ့သည်။ ကံကောင်းသည်ပဲ ပြောရမလားမသိ။ ဆေးခန်းရှေ့တွင် လူလေးငါးဦးရှိသော်လည်း လူနာက နှစ်ယောက်ပဲရှိသည်။ ကျန်သူတွေက လူနာလိုက်ပို့သည့် လူနာရှင်တွေ။
လူနာနှစ်ယောက်နောက်တွင် တန်းစီထိုင်နေလိုက်၏။
‘‘ဆရာတော်က ဆေးစွမ်းတယ်၊ ရောဂါကြီးတွေတောင် ပျောက် အောင် ကုနိုင်တယ်၊ လူနာတွေက အများကြီး၊ ခုနက တစ်သုတ်ပြီးသွားပြီ၊ လာကြဦးမှာ’’
လူနာရှင်တစ်ဦးက သူ့အတွေ့အကြုံကို ရှင်းပြသည်။ ဆေးခန်းထဲ တွင် လူနာတစ်ဦး ဆေးကုသမှုခံယူနေသဖြင့် တန်းစီစောင့်နေတုန်း ရှိသေး၊ အခြားလူနာများ ထပ်ရောက်လာ၏။
တော်သေးသည်။ လက်ရှိတန်းစီဇယားအရ၊ အမှတ်စဉ်နဲ့ဖြစ်နေလို့။

LEAVE A REPLY

Please enter your comment!
Please enter your name here