ကင်ဆာခရီးသည် (ဇာတ်သိမ်း)

96

ချစ်နွေမိုး

ကင်ဆာခြေဖဝါးအောက် ဒူးထောက်အညံ့ခံမည်မဟုတ်
ကျွန်တော့်နားထဲတွင် ပဋာန်းရွတ်သံ ကြားနေရသည်။ အသံက ကြည်လင်သည်၊ တည်ငြိမ်သည်။ အသံရှင်ကို ကျွန်တော်သိနေသည်။ အသံရှင်ကို တွေ့ချင်သည်။ အသံလာရာသို့ အရောက်သွားခဲ့၏။
ပဋာန်းရွတ်နေသူက ဖေဖေဖြစ်နေသည်။ စေတီရှေ့တွင် တင်ပလ္လင် ခွေပြီး ပဋာန်းရွတ်နေ၏။ မေမေက စေတီရင်ပြင်တွင် ယောဂီဝတ်ဖြင့် တံမြက်စည်း လှဲနေသည်။ ‘ဖေဖေ၊ မေမေ’ ကျွန်တော်ဝမ်းသာအားရခေါ် သော်လည်း လှည့်မကြည့်ကြ။ သူတို့အလုပ် သူတို့ လုပ်နေကြသည်။ ကျွန်တော့်ကို လှည့်၍ပင်မကြည့်။
ကျွန်တော် ပြန်ထွက်ခဲ့သည်။ သူငယ်ချင်း တွေ၊ စာပေရောင်းရင်းတွေ၊ စီးပွားရေး အပေါင်းအသင်းတွေ တွေ့သည်။ ကို ကျော်သူနှင့် တင်လှကိုတွေ့၏။ ကျွန် တော်သစ်လုပ်ငန်းလုပ်စဉ်က သူတို့ နှင့် အများဆုံးတွဲလုပ်ခဲ့သည်။ အရင်း နှီးဆုံး အခင်မင်ဆုံးတွေဖြစ်၏။ ယခုသူ တို့က ကျွန်တော့်ကို မသိချင်ယောင်ဆောင်နေကြသည်။
ရန်ကုန်ဝင်းမောင်နှင့် ကိုအောင်ငွေသိမ်းကို တွေ့ သည်။ စာပေလောကမှာ နှစ်ပေါင်းများစွာ တွဲခဲ့သူတွေ ဖြစ်သည်။ ကျွန်တော့်ကို ဘာကိစ္စမဆို အမြဲကူညီတတ် သည်။ ယခုတွေ့၍ ကျွန်တော်က ဝမ်းပန်းတသာ နှုတ်ဆက် သည်။ သူတို့ ကျွန်တော့်ကို ဂရုမစိုက်ကြ။ ကျွန်တော့်ကို လို လားပုံမရ။ ဘာကြောင့် စိတ်တွေပြောင်းသွားသည်ကို ကျွန်တော် မသိ။
ပြီးတော့ ဇော်ဝင်းထိန်။ အခင်မင်ဆုံး၊ အရင်းနှီးဆုံးငယ်ပေါင်း သူငယ်ချင်း၊ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်းနေခဲ့သူ။ သူကလည်း ကျွန်တော့်ကို ခပ်စိမ်းစိမ်းဆက်ဆံသည်။
အဆိုးဆုံးက စာရေးဆရာကြီး ဒုံးပျံမောင်၊ ပုသိမ်ဟာလဝါ၊ မောင် မြင့်မိုနှင့် ရွေတိုင်မောင်လွမ်းနောင်။ သူတို့က အုပ်စုလိုက် ဝိုင်းဖွဲ့စကား ပြောနေကြသည်။ ကျွန်တော့်ကိုတွေ့တော့ ပြောလက်စ စကားတွေဖြတ်ပြီး လမ်းခွဲထွက်သွားကြ သည်။ ကျွန်တော့်ကို ကျောခိုင်းသွားကြ၏။
ကျွန်တော့်ကို ဥပေက္ခာပြုရမလားဟု တွေးရင်း ဒေါသဖြစ်မိ၏။ စိတ်တိုမိ၏။ ကျွန် တော့်ခေါင်းတွေ ပူလာသည်။ မျက်လုံးတွေ ကျိန်း စပ်လာသည်။ ကျွန်တော်ဘယ်သူ့ကိုမှ မတွေ့ချင်တော့၊ စကားမပြောချင်တော့ ခြေဦးတည့်ရာ သွက်သွက်ကလေး လျှောက်ခဲ့မိသည်။ လျှောက်ရင်း မောပန်းလာ၏။ အာ ခေါင်တွေခြောက်လာပြီး ရေဆာလာသည်။
“ရေ …ရေ”
ကျွန်တော့်နှုတ်မှ ရေတောင်းမိသည်။
“ဆရာချစ် နိုးပြီလား၊ ရော့၊ ရော့”
မျက်လုံး ဖွင့်ကြည့်မိသည်။ ချွန်ရှုပ်က ဖန်ခွက်ဖြင့် ထည့်ထားသော ရေလှမ်းပေး၏။ ကျွန်တော်ယူ၍ သောက် လိုက်သည်။ ရေသောက်ပြီး မျက်လုံးမှိတ်၍ ပြန်နားနေလိုက်၏။
စောစောက အတွေ့အကြုံတွေကို ပြန်စဉ်းစားမိသည်။ တွေ့ခဲ့သူ အားလုံးက လူ့ဘဝတွင် မရှိတော့။ သူတို့အားလုံး တမလွန်ဘဝရောက် နေကြပြီ။ သူတို့အားလုံးက ကျွန်တော့်ကို လက်မခံကြ။ အသိအမှတ် မပြုကြ။ သို့ဆို ကျွန်တော်လူ့ဘဝ၊ လူ့လောကတွင် ဆက်လက် အသက် ရှင် နေထိုင်နိုင်ဖို့ အခွင့်အရေး ရှိနေသေးသည်။
ကျွန်တော့်အသက်နှင့်ခန္ဓာ မြဲနေဦးမည်။ သည်ရောဂါ သည်ဝေဒနာ ဖြင့် ဒီလောကမှထွက်ခွာရန် အခြေအနေမရှိသေး။ ကျွန်တော် ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ကြိုးစားရဦးမည်။
“ဆရာချစ်၊ အဓိကဖြစ်တဲ့ အကြောင်းရင်းကတော့ ဆေးလိပ်နဲ့ ဆီပဲ၊ ဆရာချစ်က ဆေးလိပ် အရမ်းသောက်တယ်၊ ဆေးလိပ်သောက်လာ တာ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီ၊ ပြီးတော့ ဆီလည်း အရမ်းစားတယ်၊ လက်ဖက်စားပြီးဆို အသားကိုဆီရွဲနေအောင် စိမ်ထားမှစားတာ၊ ငါး ခြောက်ဆိုရင်လည်း အဲဒီအတိုင်းပဲ၊ ဆီရွဲအောင် ဆမ်းထားမှကြိုက်တာ”
ကျွန်တော် မျက်လုံးမှိတ်ထားပေမဲ့ ချွန်ရှုပ်အသံမှန်း ကောင်းကောင်း သိနေသည်။ စောစောက ကျွန်တော်မျက်လုံးဖွင့်ပြီး ရေသောက်စဉ်က ချွန်ရှုပ် အပါအဝင် အခြားလူလေးငါးဆယ်ယောက်စု၍ ထိုင်နေသည်ကို တွေ့ခဲ့ရ၏။ ကျွန်တော့်ကျန်းမာရေးအတွက် စောင့်ကြည့်ရင်း စကားပြော ဆိုနေကြရသည်။
ဘယ်သူတွေလဲ၊ ဘာပြောကြဦးမလဲ၊ ကျွန်တော် မျက်လုံးမဖွင့်ဘဲ ဆက်လက် နားစွင့်နေမိသည်။
“ထမင်းစားရင်လည်း အချိန်မှန်မစားဘူး၊ စားချင်တဲ့့အချိန် စား တယ်၊ စားတော့လည်း ကြောင်စာလောက် စားတာ၊ ဟင်းသီးဟင်းရွက် အသားငါးလည်း ဟုတ်တိပတ်တိ မစားဘူး၊ လက်ဖက်ရည်လောက်ပဲ အဓိကထား သောက်နေတာ”
ဇနီးဖြစ်သူက ဒေါ်ကြည်ကြည်ဝေက ရှင်းပြ၏။
“ဟုတ်တယ်၊ လက်ဖက်ရည် တစ်နေ့ ခြောက်ခွက်လောက်အနည်း ဆုံးသောက်တယ်” ဟု သားဖြစ်သူ နေဝင်းနိုင်က ဖြည့်စွက်ပြောသည်။
“ခေါင်းထဲမှာ စာပေလုပ်ဖို့ပဲရှိတယ်၊ စာရေးမယ်၊ စာဖတ်မယ်၊ စာ ပေပရဟိတ လုပ်မယ်၊ ဒါပဲ၊ ကျန်းမာရေးကို သိပ်ဂရုမစိုက်ဘူး၊ အဲဒီဒဏ် တွေကို အခုခံရတာ”
ညီမဖြစ်သူ ရင်ရင်ကြည်က ပြောသည်။
“အစ်ကိုကြီး က စိတ်ဓာတ် ခိုင်မာပါတယ်၊ ပြန် ကောင်းမှာပါ”
ညီမငယ် စိုးစိုးကြည်က ယုံကြည်ထားသည်။
“အစ်ကိုကြီး အမြန်သက်သာ ပျောက်ကင်းအောင် အစွမ်း ကုန် ကုပေးမယ်”
ညီမလတ် အေးအေးကြည်အသံ ကြားရ၏။
“ကင်ဆာရောဂါက ကြောက်စရာမဟုတ်ပါဘူး၊ ကူးစက်တတ်တဲ့ ရောဂါလည်း မဟုတ်ဘူး၊ အနာနဲ့ဆေးတည့်ရင် ပျောက်မှာပါ၊ တချို့က မြန်မာဆေးမြီးတိုနဲ့ ပျောက်တယ်၊ တချို့ တိုင်းရင်းဆေးနဲ့ ပျောက်တယ်၊ တချို့က ကီမိုသွင်းတာတို့၊ ဓာတ်ကင်တာတို့နဲ့ ပျောက်တယ်၊ တချို့က လည်း တရားအားထုတ် အာနာပါနလုပ် ဝေဒနာကို ဝိပသနာရှုရင်းနဲ့ ပျောက်တယ်၊ အဓိကက စိတ်ဓာတ်ပါပဲ၊ စိတ်ဓာတ်မကျဖို့ အရေးကြီး တယ်”
ဒေါ်ယဉ်မေဦး အသံလည်း ကြားရသည်။
“ဆရာချစ်က စိတ်ဓာတ်ခိုင်ပါတယ်၊ ဆေးအရှိန်ကြောင့် ငြိမ်နေ တာပါ၊ ပြန်ကောင်းမယ်လို့ ကျွန်တော် အကြွင်းမဲ့ယုံကြည်တယ်၊ သူလုပ် ခဲ့ဖူးတဲ့ စာပေပရဟိတ ကုသိုလ်တွေ၊ ဘုရားမှာ လှူတာတွေ၊ သံဃာကို လှူတာတွေ၊ တရားတွေ၊ ကျောင်းတွေမှာ လှူတာတွေ၊ ကိုယ်တိုင်ရဟန်း ဝတ်ပြီး ကုသိုလ်ယူတာတွေ၊ ဒါတွေ ဒီကုသိုလ်တွေက ဆရာချစ် ပြန် လည်ကျန်းမာလာစေနိုင်မယ့် အထောက်အပံ့ကောင်းတွေပါ”
ဆရာ ဦးခင်မောင်အေးက သူ့အမြင်သူ သုံးသပ်ပြ၏။
“အနောက်တိုင်း ဆေးဝါးနည်းလမ်းမှာရော၊ တိုင်းရင်းဆေးနယ်ပယ် မှာပါ ကင်ဆာရောဂါပျောက်အောင် ကုသတဲ့ဆေးတွေ ပေါ်နေပါပြီ၊ အဓိ ကက ကင်ဆာဖြစ်ကာစမှာ ရဲရဲဝံ့ဝံ့ကုသမှုခံယူဖို့ပဲ လိုတယ်၊ ကင်ဆာမှန်း သိလို့ စောစောကုရင် စောစောပျောက်တယ်”
“တချို့က ကင်ဆာဆိုတဲ့အသံကြားရံံုနဲ့ ဘေးထွက်ဆိုးကျိုးတွေ စဉ်းစားပြီး စိတ်ဓာတ် ကျကျနေတတ်တယ်၊ ပိုက်ဆံ မပြည့့်စုံသူတွေက ပိုဆိုးတယ်၊ ကင်ဆာကုဖို့ ပိုက်ဆံမရှိဘူး၊ ပိုက်ဆံရှိမှ ကင်ဆာရောဂါ ပျောက်အောင် ကုနိုင်မယ်လို့ ထင်နေကြတယ်”
“ဟုတ်တယ်၊ ပိုက်ဆံမရှိတဲ့သူတွေက အားငယ်တတ်ကြတယ်၊ တ ကယ်တော့ ၇ောဂါတစ်ခုဖြစ်ရင် ပိုက်ဆံကတော့ အနည်းနဲ့အများ ဆိုသ လို ကုန်တတ်တာ သဘာဝပဲ၊ ဒါပေမဲ့ …”
ချွန်ရှုပ်စကားတွေက လေးနက်နေသည်။
“ပိုက်ဆံမရှိလို့ စိတ်ဓာတ်ကျအားငယ်တာတွေ မဖြစ်သင့်ဘူး၊ ဆေး ရုံတွေနဲ့ ဆက်သွယ်ပြီး ဆရာဝန်တွေရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာ ကျင့်သုံးရင် ကုန်ကျစရိတ်နည်းပါးပါတယ်၊ ဥပမာ ကီမိုသွင်းရမယ် ဆိုပါတော့၊ အစိုးရဆေးရုံမှာ ပိုက်ဆံပေးစရာမလိုဘူး၊ လိုအပ်တဲ့ ဆေး နည်းနည်းပါးပါးပဲဝယ်ရတယ်၊ မဝယ်နိုင်ရင်လည်း ပွင့်ပွင့် လင်းလင်းပြောရင် အဆင်ပြေအောင် စီစဉ်ပေးတဲ့ဆေးရုံ တွေ၊ ဆရာဝန်တွေရှိတယ်”
“မြန်မာတိုင်းရင်းဆေးဆရာတွေလည်း ငွေ ကြေးရယူလိုမှုထက် ရောဂါပျောက်ရေး ဦးစားပေး ကုသပေးတဲ့ အစီအစဉ်တွေရှိတယ်၊ ပြီးတော့ ဆေးမြီးတိုဆိုတာလည်း အထင်သေးလို့မရဘူး၊ ရောဂါနဲ့ တိုက်ဆိုင်ရင် ပျောက်သွားတာပါပဲ”
“ဆေးမြီးတိုဆိုလို့ ကဗျာဆရာ မောင်မိုးပွင့် (ရေ ကြည်)ရဲ့ ကင်ဆာဆိုတာ ချိုနဲ့လားဆိုတဲ့ကဗျာကို သတိရ မိတယ်၊ ရေးထားတာက-
နံနက်ချိန်မီ
နိုးထပြီ
အုန်းဆီသုံးဇွန်း သောက်လိုက်ပါ၊
အစာရှေ့ပြေး
ကြိုသောက်ပေး
ရေနွေးသံပရာ၊
အချိုသကြား
လွဲရှောင်ရှား
မစားဘယ်သောခါ၊
အိပ်ချိန်သို့ရောက်
အုန်းဆီသောက်
ကင်းပျောက် ထိုရောဂါ။
(၁) သကြားကို လုံးဝမစားနဲ့၊ (၂) ထမင်းစားမီ ရေနွေးသံပရာသောက်၊ (၃) အုန်းဆီစစ်စစ် သုံးဇွန်း မနက်ည ပုံမှန်သောက်တဲ့”
“ဟုတ်တယ်၊ အဲဒီနည်းနဲ့ ကင်ဆာရောဂါ ပျောက်သွားတဲ့သူတွေ၊ သငေ်္ဘာအဖိုပင်နဲ့ ပျောက်တဲ့သူ တွေလည်းရှိတယ်”
“နည်းအမျိုးမျိုး ကိုယ်သန်ရာ ကိုယ်ကုလို့ ရတယ်၊ အဓိကပြောချင်တာက ကင်ဆာဆိုတာ ကြောက်စရာမလိုဘူး၊ ကင်ဆာကိုပျောက်ကင်း စေနိုင်တဲ့ ဆေးဝါးတွေရှိတယ်၊ ပိုက်ဆံမရှိလို့ အား ငယ်စရာမလိုဘူး၊ စနစ်တကျ ဆေးဝါးကုသမှုခံယူဖို့ပဲ လိုတယ်၊ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်၊ စိတ်ကို တည် တည်ငြိမ်ငြိမ်ထားဖို့ လိုတယ်”
“ဖြစ်နိုင်ရင် ဖြစ်နေတဲ့ရောဂါကို ဝေဒနာတစ်ခုအဖြစ် ရှု မှတ်ပြီး တရားထိုင်တာက စိတ်တည်ငြိမ်စေတယ်၊ စိတ်ဓာတ် ခိုင်မာစေတယ်”
သူတို့ပြောသမျှ ကျွန်တော်ကြားနေရသည်။ သူတို့ပြောတာ အကုန် မှန်နေ၏။ အဓိကက ကျွန်တော်၏ မဆင်မခြင်မှုနှင့် ပေါ့ဆခဲ့မှုကြောင့် ဖြစ်သည်။ ကျွန်တော် ဆေးလိပ်ကို အလွန်အကျွံသောက်ခဲ့၏။ ဆီကို အလွန်အကျွံစားခဲ့၏။ စားချိန်အိပ်ချိန် မမှန်ခဲ့။ လည်ပင်းတွင် အဖုအကျိတ် ဖြစ်လာသည်ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သည်။ ပေါ့ပေါ့ဆဆ သ ဘောထားခဲ့သည်။ ဒါတွေက ကင်ဆာဖြစ်ရခြင်း တရားခံဖြစ်ကုန်၏။ ရောဂါဖြစ်တော့ အချိန်ကုန်သည်၊ ငွေကုန်သည်၊ နာကျင်မှုတွေ ခံစား ရသည်။ မကူးစက်သောရောဂါ၊ ကုသ၍ပျောက်ကင်းနိုင်သော ရောဂါဖြစ် လို့ တော်သေးသည်။ ကုသရန်ခက်ခဲသောရောဂါဆိုလျှင် ကျွန်တော့် အတွက် မျှော်လင့်ခြင်းကင်းမဲ့ရုံမှတစ်ပါး အခြားမရှိတော့။ ကျွန်တော်အိပ် ရာပေါ်လှဲ၍ မျက်လုံးမှိတ်ထားခဲ့ရာ အိပ်မက်တွေ၊ အတွေးတွေ တန်းစီ သွားခဲ့သည်။ ကျွန်တော့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပြီး လက်ကျန်ဘဝကို ဖြတ်သန်းရဦးမည်။ အသေမဦးမီ ဉာဏ်ဦးအောင် လုပ်ရဦးမည်။
“ငါနေကောင်းရမည်၊ ငါကျန်းမာရမည်၊ ငါသန်စွမ်းရမည်၊ ငါစာတွေ အများကြီး ရေးဦးမည်၊ ငါကုသိုလ်တွေ အများကြီးလုပ်ဦးမည်၊ သံသရာ တံခါး မပွင့်မီ၊ သံသရာခရီး မသွားရသေးမီ ဒီဘဝ၊ ဒီခန္ဓာ၊ ဒီကင်ဆာနဲ့ ငါခရီးဆက်ဦးမည်၊ ဝေဒနာတစ်ခုခံစားရပြီးတိုင်း ဝဋ်ကြွေးတစ်ခုကျေပြီဟု ခံယူထားသည်၊ ကင်ဆာခြေဖဝါးအောက် ဒူးထောက်အညံ့ခံလိမ့်မည် မဟုတ်၊ ငါ့မှာစိတ်ဓာတ်ခွန်အား အပြည့်ရှိနေသည်၊ ငါကင်ဆာခရီးသည်”
ကျွန်တော့်အတွေး၊ ကျွန်တော့်ဆုံးဖြတ်ချက်ကို ချွန်ရှုပ်တို့ ကြားသိ ခဲ့လျှင် လက်သီးဆုပ်၊ လက်မထောင်၍ ‘ဖိုက်တင်း’ဟု ပြုံးပြုံးရယ်ရယ် အားေပးမည်ကို ကျွန်ေတာ်ြမင်ေယာင်ေနမိသည်။
(သဗ္ဗသတ္တာ ဘဝန္တု သုခိတ္တာ)

LEAVE A REPLY

Please enter your comment!
Please enter your name here