Traffic Cone ပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း

322

Traffic Cone တွေဟာ ထုလုံးချွန်ပုံစံရှိပြီး ယာဉ်လမ်းကြောင်းပိတ်ဖို့လိုအပ်တဲ့အခါ၊ ဘေးအန္တရာယ်အသိပေးတဲ့ အခါ၊ ယာဉ်လမ်းကြောင်းပြောင်းလဲမောင်းနှင်ဖို့ ညွှန်ပြချင်တဲ့အခါ၊ လမ်းမပေါ် ဆောက်လုပ်ရေးလုပ်ငန်း တွေလုပ်ဆောင်နေတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိကြပါတယ်။ ညဘက်တွေ၊ ဒါမှမဟုတ် အလင်းရောင်နည်းပါးတဲ့ နေရာတွေမှာ ရောင်ပြန်တွေကပ်ထားတဲ့ Traffic Cone တွေကို သုံးကြပါတယ်။

 

Traffic Cone တွေကို အမေရိကန်နိုင်ငံသား Charles D.Scanlon ဆိုသူက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ၁၉၄၃ ခုနှစ်မှာ မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ သူဟာ လော့စ်ဇင်းဂျလိစ်မြို့ လမ်းဌာနတစ်ခုမှာ လမ်းဆေးသုတ်သမားအဖြစ် အလုပ်လုပ်ခဲ့တဲ့အချိန်က Traffic Cone ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။ ယူကေမှာတော့ Traffic Cone တွေကို ၁၉၅၈ ခုနှစ်တုန်းက M6 လမ်းမကြီး စဖွင့်တဲ့အချိန်မှာ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ယူကေ၊ ဘားဖို့ဒ်မြို့က David Morgan ဆိုသူက ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပထမဦးဆုံး Traffic Cone တွေကို ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှာတော့ ၁၉၅၉ ခုနှစ်၊ မေ ၁ ရက်မှာ Russell Storch ရဲ့ အကြံပြုချက်အရ ကားလမ်းမတွေပေါ် အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေ ဘေးကင်း လုံခြုံဖို့အတွက် Orange Colour Traffic Cone တွေအသုံးပြုဖို့မူဝါဒကို ပစိဖိတ်ဓာတ်ငွေ့နဲ့ လျှပ်စစ်ကုမ္ပဏီက ကယ်လီဖိုးနီးယားမှာ ကျင့်သုံးခဲ့ပါတယ်။ အရင်ခေတ်တွေတုန်းက Traffic Cone တွေကို ကွန်ကရစ်နဲ့ ပြုလုပ်ခဲ့ကြပေမဲ့ အခုခေတ် အသုံးပြုနေတဲ့ Traffic Cone တွေကတော့ သာမိုပလတ်စတစ်၊ ဒါမှ မဟုတ် ရော်ဘာနဲ့ပြုလုပ်ထားကြပြီး အရောင်အသွေးအရလည်း ယခင် ကထက် ပိုပြီးတောက်ပလာကြပါတယ်။

 

Traffic Cone တွေဟာ သုံးဆယ်စင်တီမီတာ(၁၁ ဒသမ ၈ လက်မ) လောက်ကနေ တစ်မီတာ(၃၉ ဒသမ ၄ လက်မ) လောက်အထိ အရွယ်အစားမျိုးစုံရှိပါတယ်။ Orange ၊ အဝါ၊ ပန်းရောင်၊ အနီ၊ အပြာ၊ အစိမ်း အစရှိတဲ့ အရောင်တောက်တောက်မျိုးစုံရှိပြီး ပိုပြီးသိသာ ထင်ရှားဖို့ လိုအပ်လာရင် အဲဒီ Traffic Cone တွေအပေါ် ရောင်ပြန်စတစ်ကာအမှတ်အသားတွေကိုပါ ထပ်ဆင့်ကပ်ပြီး အသုံးပြုကြပါတယ်။ Traffic Cone အများစုကတော့ Orange နဲ့ စိမ်းဝါရောင်တောက်တောက်တွေဖြစ်ပါတယ်။ Cone တွေအစား ပိုပြီးတောင့်တင်းမာကျောတဲ့ တိုင်ငယ်တွေကိုလည်း အသုံးပြုလေ့ရှိပြီး ရော်ဘာသားအောက်ခံပေါ်မှာမှ အမြင့် ၁၁၅ဝ မီလီမီတာ(၄၅ လက်မ) အရှည်ရှိတဲ့တိုင်ငယ်တွေကို အသုံးပြုကြလေ့ရှိတာပါ။ Traffic Cone တွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေနဲ့ ပတ်သက်မှုမရှိဘဲ တချို့ အဆောက်အအုံတွေထဲ သန့်စင်ခန်းပျက်နေတဲ့အခါ၊ ဒါမှမဟုတ် ချော်လဲနိုင်တဲ့ကြမ်းခင်းအခြေအနေ အစရှိတဲ့ အန္တရာယ်ရှိနိုင်တဲ့    အနေအထားတစ်ခုခုမှာလည်း သတိပေးတဲ့ အမှတ်အသားသဘောမျိုး အသုံးပြုကြလေ့ရှိပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ အမေရိကန်အနုပညာရှင် တစ်ဦးဖြစ်တဲ့ Dennis Oppenheim ဟာ မိုင်ယာမီ၊ ဆီယက်တယ်လ် က အိုလံပစ်ပန်းပုပန်းခြံကြီးနဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တို့မှာ ငါးမီတာအမြင့်ရှိတဲ့ Traffic Cone ကြီး ငါးခုကို ယာယီဖန်တီးပြသခဲ့ပါတယ်။ နာမည်ကျော် VLC Media Player Software ရဲ့ အမှတ် အသားကလည်း Orange Colour တောက်တောက်နဲ့ အဖြူရောင် ရောစပ်ထားတဲ့ Traffic Cone ပုံစံဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here