တက်စျေးဖြင့်ငြိမ်သက်နေသော ကားစျေးများကြောင့် ၁၃ဝဝ စီစီကားများသာ အရောင်းအဝယ်ဖြစ်သည့် ရန်ကုန်ကားစျေးကွက်

425

၂ဝ၁၇ ခုနှစ်အကုန် ကာလများတွင် ကားစျေးကွက်မှာ တည်ငြိမ်မှုမရှိဘဲ ဖြတ်သန်းခဲ့ရသလို ယခုနှစ်အစပိုင်းတွင်လည်း မြင့်တက်ခဲ့သော ကားစျေးနှုန်းများမှာ တက်စျေးဖြင့် ငြိမ်သက်နေပြီး အရောင်းအဝယ် အေးစက်နေသည်။ ကားစျေးများ အတက်၊ အကျမရှိသော်လည်း အမြင့်စျေးဖြင့် ငြိမ်သက်နေသောကြောင့် စျေးကွက်အေးနေပြီး ၁၃ဝဝ စီစီ ကားအချို့သာ အရောင်းအဝယ်ရှိကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန် အဝယ်များသာမက နယ်အဝယ်များပါ အဆင်းနည်းနေ၍ အရောင်းအဝယ် အေးနေပြီး CIF တန်ဖိုးများ မထုတ်ပြန်တော့သည့်အတွက်လည်း ၂ဝ၁၈ ပါမစ်ဖြင့် တင်သွင်းမည့်ကားများကို ဆိပ်ကမ်းအရောက် တန်ဖိုးသတ်မှတ်ရန် တွက်ချက်နေ၍ ကားတင်သွင်းမှုများ လျော့နည်းသွားခဲ့သည်။ အရောင်းအဝယ်ငြိမ်နေပြီး ဝယ်လက်နည်းနေသည့် ယခုအချိန်တွင် ကားတစ်စီးကို အမြတ်ရရန် ရောင်းချဖို့မလွယ်ကူတော့ကြောင်း ကားဝယ်/ရောင်းများက ဆိုသည်။

 

”ပြီးခဲ့တဲ့နှစ်မှာ မူဝါဒတွေ မကြာခဏဆိုသလို ပြောင်းတယ်၊ ၂ဝ၁၈ ခုနှစ်အတွက် ဘယ်မောင်းပဲ တင်သွင်းရမယ်လို့ မူဝါဒထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း အရောင်းအဝယ်တွေအေးသွားတယ်၊ ၆၆ဝ စီစီ ကားတွေနဲ့ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီ ကားတွေလောက်ပဲ အရောင်းအဝယ် ဖြစ်တာတွေ့ရတယ်၊ အခုအချိန်မှာ အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့ Brand New ကားတွေကတော့ အဝယ်လိုက်နေတာတွေ့ရတယ်၊ ၂ဝ၁၄ မိုဒယ်ကစပြီး ဘယ်မောင်းပဲ တင်သွင်းရမယ်ဆိုတဲ့ မူဝါဒထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဂျပန်တစ်ပတ်ရစ် ညာမောင်းကားတွေကို ရသလောက်ဝယ်ပြီး စုထားကြတယ်၊ ဂျပန်ညာမောင်းကားတွေကို ဝယ်စုထားတဲ့သူတွေ အများစုကလည်း ဝယ်/ရောင်းတွေများတယ်၊ အပြင်အဝယ်က အများကြီးမရှိဘူး၊ နှစ်အစမှာ စျေးကွက်ပြောင်းလဲနိုင်မလားဆိုပြီး စောင့်ကြည့်နေကြတဲ့သူတွေ များတယ်၊ ဒါကြောင့် နှစ်အစမှာ ရောင်းတဲ့သူကလည်း မရောင်းရဲ၊ ဝယ်တဲ့သူကလည်း မဝယ်ရဲတဲ့ အနေအထားဖြစ်နေတော့ စျေးကွက်က အေးနေပါတယ်”ဟု ‘ Bagan Automotive ကားအရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

 

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် ငွေလှည့်လို သူများမှ စျေးချရောင်းသည့်ကားများသာ အရောင်းအဝယ်ဖြစ်နေသည်။ ယခုရက်ပိုင်းအတွင်း စျေးအနည်းငယ်ပြန်ဆင်းလာသော ၁၃ဝဝ စီစီကားလေးများ အရောင်းအဝယ် အနည်းငယ်ဖြစ်ပြီး စလစ်ကပ်ကားများမှာမူ တက်စျေးအတိုင်းမဟုတ်ဘဲ စျေးချရောင်းသောကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီးဝယ်ယူကြသဖြင့် အဝယ်အများစုမှာ စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ် မဖြစ်ကြောင်း သိရသည်။

 

ဂျပန်ညာမောင်းကားများ စျေးမြင့်တက်သွားသည့်အတွက်လည်း အပြင်အဝယ်အများစုက အရစ်ကျစနစ်ဖြင့် ရောင်းချသော Brand New ကားများအပေါ် အာရုံစိုက်လာကြသည်။ ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချမှုမှာ ယခင်ထက် အားကောင်းလာသည့်အတွက် ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် Used ကားများကိုလည်း လက်ငင်းထက် အရစ်ကျစနစ်ဖြင့် ရောင်းဝယ်လာကြကြောင်း သိရသည်။

 

”နှစ်အစက ခရီးသွားရာသီလည်းဖြစ်တယ်၊ ရုံးပိတ်ရက်တွေလည်း များတဲ့အတွက် အရောင်းအဝယ်အေးတာ နှစ်တိုင်းလိုပါပဲ၊ ဒီနှစ်မှာ ၂ဝ၁၄ မိုဒယ်နဲ့အထက် ဘယ်မောင်းကားပဲ တင်သွင်းရမယ်၊ နောက်ပြီး CIF တန်ဖိုးမထုတ်ပြန်တော့ဘဲ Invoice အတိုင်းပဲကောက်ခံမှာဖြစ်တဲ့အတွက် ကားစျေးကွက်က အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်၊ ဝယ်တဲ့သူ တွေထဲမှာဆိုရင်လည်း Brand New ကားတွေဘက်ကို ဦးတည်သွားတဲ့ သူရှိသလို ညာမောင်းကြိုက်တဲ့သူကလည်း ဂျပန်ကားဟောင်းကိုပဲ ရွေးချယ်ဝယ်ယူကြတယ်၊ နောက်ပိုင်းမှာလည်း ဥရောပ၊ ဒူဘိုင်းက တင်သွင်းတဲ့ကားတွေ ဝင်လာဖို့ရှိတယ်၊ အခုအချိန်မှာ ဝယ်တဲ့သူက ဘယ်မောင်း၊ ညာမောင်းဆိုပြီး သိပ်မကြည့်ကြဘူး၊ သူတို့လိုချင်တာ အဓိက စျေးနှုန်းပဲ၊ စျေးနှုန်းမျှတရင် ဘယ်မောင်း၊ ညာမောင်းသိပ်မရွေးဘဲ ဝယ်သွားကြတာပဲ၊ ကားတစ်စီးကို စျေးနှုန်းမျှမျှတတနဲ့ ရောင်းမယ်ဆိုရင် ဘယ်မောင်းဖြစ်ဖြစ်၊ ညာမောင်းဖြစ်ဖြစ် အရောင်းအဝယ်ဖြစ်မှာပဲ”ဟု ‘ KMT Auto ‘ မန်နေဂျင်း ဒါရိုက်တာ ကိုကျော်မင်းထွန်းက ဆိုသည်။

 

နှစ်အစတွင် ကားစျေးများ ရပ်တန့်သွားပြီး မူဝါဒအသစ်ဖြင့် ဘယ်မောင်းကားများသာ တင်သွင်းရမည် ဖြစ်သောကြောင့် စလစ်စျေးများလည်း ပြန်လည်ကျဆင်းသွားကာ ယခုရက်ပိုင်းအတွင်း သက်တမ်းနှစ်နှစ်ဆယ် စလစ်တစ်စောင်လျှင် ကျပ် ၁၁၂ သိန်းဝန်းကျင်သာ ပေါက်စျေးရှိတော့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here