Myanmar Trade Center မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်နှင့် တွေ့ဆုံခြင်း

331

စက်မှုဝန်ကြီးဌာန၊ Daewoo Bus Coporation နဲ့ Myanmar Trade Center တို့ ပူးပေါင်းထုတ်လုပ်မယ့် Daewoo Bus စက်ရုံမှ တစ်နှစ်ကို ဘတ်စ်အစီးတစ်ထောင်ကျော် အခြေအနေနဲ့ ပတ်သက်တာတွေကို Myanmar Trade Center မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်နဲ့ တွေ့ဆုံမေးမြန်းပြီး ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Automobile: Daewoo Bus တွေ ထုတ်လုပ်ဖို့အတွက် လက်ရှိပြင်ဆင်ထားတဲ့ အခြေအနေလေးတွေက ဘယ်လိုရှိလဲ …

Dr.K.K.A: ကျွန်တော်တို့ Daewoo Bus ထုတ်လုပ်ဖို့ကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ပြင်ဆင်ထားတာပါ။ အခုမှစပြီး အသိအမှတ်ပြုတာပါ။ စက်မှုဝန်ကြီးဌာနကနေ တစ်ဆင့် ထောက်ကြန့်မြေနေရာကို နှစ်ရှည်ငှားရမ်းခွင့် တင်တယ်။ စက်မှုဝန်ကြီးဌာနကလည်း တရားဝင် ခွင့်ပြုလိုက်တဲ့အတွက် စက်ရုံပြင်ဆင်ရေးအပိုင်းနဲ့ တည်ဆောက်ရေးအပိုင်းကိုလုပ်ဖို့ ပြင်ဆင်နေပါပြီ။

Automobile: MIC ခွင့်ပြုချက်ရရှိပြီးပြီလားဆိုတာ သိချင်ပါတယ် …

Dr.K.K.A: MIC က အခုမှ တင်ရမှာပါ။ မြေငှားရမ်းခွင့် ကျပြီးတော့ မှ MIC ကို တင်ရမှာပါ။ အခုမြေငှားရမ်းခွင့် ကျပြီဆို တော့ MIC ကိုတင်ဖို့ လုပ်နေပါပြီ။

Automobile: အခုထုတ်မယ့်ကားတွေက SKD စနစ်နဲ့လား၊ CKD စနစ်နဲ့လား …

Dr.K.K.A: နှစ်မျိုးခွဲပြောရမှာပေါ့။ Mini Bus (School Bus) ကို SKD နဲ့ စမယ်။ နောက်တော့ တဖြည်းဖြည်း CKD နဲ့ ထုတ်လုပ်ဖို့ ကြိုးစားမှာပါ။ City Bus ကျတော့ CKD နီးပါးလောက် သွားမှရမှာ။ City Bus ထုတ်ရတဲ့ ရည်ရွယ်ချက်က ကားကြီးတွေက ထုတည်ကြီးတဲ့အတွက် Shipping Cost တွေ ကြီးတယ်။ City Bus တွေကို ထုတ်မယ့်အခါမှာ တစ်ဖက်ကနေ ဖရိမ်ဆင်ပြီးသားကို ယူမယ်။ Body ကိုတော့ ဒီမှာတည်ဆောက်သွားမှာပါ၊

Automobile: ဘယ်လိုကားအမျိုးအစားတွေကို ထုတ်လုပ်သွားမှာပါလဲ ခင်ဗျ …

Dr.K.K.A: Mini Bus နဲ့ School Bus နှစ်မျိုးထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီကားတွေရဲ့အမျိုးအစားကို Lestar လို့ ခေါ်တယ်။ Mini Bus ဖြစ်တဲ့အတွက်ကြောင့် Shuttle နေရာမှာလည်း အသုံးပြုလို့ရတယ်၊ ကျောင်းကြို/ ပို့နဲ့ ဝန်ထမ်းကြို/ပို့နေရာမှာလည်း သုံးလို့ရတယ်။ City Bus ကျတော့ BS-106 ဆိုတဲ့ မိုဒယ်ကို ထုတ်လုပ်ဖို့ စဉ်းစားထားတယ်။ City Bus ဖြစ်တဲ့အတွက် CNG နဲ့ရော ဒီဇယ်နဲ့ပါ ထုတ်လုပ်ဖို့ ရှိပါတယ်။ CNG ကျတော့ ရန်ကုန်မြို့တွင်း Inter City ၊ Extreme City Bus နေရာ မှာသုံးမယ်။ ဒီဇယ်ကျတော့ မြို့တစ်မြို့နဲ့တစ်မြို့ကြားမှာရှိတဲ့ Inter City မှာ သုံးလို့ရတယ်။ အဲဒီမိုဒယ်နှစ်ခုကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

Automobile: တစ်နှစ်ကို ကားအစီးရေ ဘယ်လောက်အထိထုတ်မယ်လို့ မျှော်မှန်းထားပါသလဲ …

Dr.K.K.A: ကျွန်တော်တို့ စစချင်းမှာတော့ အစီး ၂၅ဝ ထုတ်ဖို့ မျှော် မှန်းထားပါတယ်။ Market နဲ့ Demand အပေါ်မူတည် ပြီး တစ်နှစ်ကို အစီးတစ်ရာစီ တိုးဖို့ အစီအစဉ်ဆွဲထားပါတယ်။ ပျမ်းမျှအနေနဲ့ကတော့ တစ်နှစ်ကို အစီးငါးရာကနေ တစ်ထောင်ကြားထုတ်ဖို့ မျှော်မှန်းထားပါတယ်။

Automobile: မြန်မာပြည်ရဲ့ Bus Demand အခြေအနေကို ဘယ်လို ခန့်မှန်းထားပါသလဲ …

Dr.K.K.A: ဘတ်စ်ကားလို့ပြောတဲ့အထဲမှာ အများကြီးရှိပါတယ်။ မြို့တွင်းသုံးနေတဲ့ YBS စနစ်မှာလည်း Shuttle Bus စနစ်တွေလည်းပါတယ်။ အဲဒါတွေကလည်း Mini Bus ကို သုံးလို့ရတယ်။ ဝန်ကြီးချုပ်ရဲ့ အစီအစဉ်မှာလည်း School Bus တွေလည်းပါတယ်။ School Bus တွေရဲ့ Demand ကလည်း ကျောင်းတိုင်းကို အများကြီးလိုအပ်ချက်ရှိပါတယ်။ Mini Bus ရဲ့ Demand ကလည်း အများကြီးရှိပါတယ်။ City Bus နဲ့ စဉ်းစားမယ်ဆိုရင် နှစ်ခု စဉ်းစားထားတယ်။ CNG နဲ့ထုတ်ရင် ရန်ကုန်မြို့တွင်း YBS System ရှိတယ်၊ ဒီဇယ်နဲ့ ထုတ်ရင် Inter City System ရှိပါတယ်။ YBS System မှာဆိုရင် အစီးလေးထောင်ဝန်းကျင် ရှိတယ်လို့ ခန့်မှန်းထားတာပေါ့။ နိုင်ငံတကာမှာဆိုရင် ကားတစ်စီးက ရှစ်နှစ်သုံးပြီးရင် အသစ်ပြန်လဲရတယ်။ ကျွန်တော်တို့ဆီမှာလည်း အစီးလေးထောင်ကို ရှစ်နှစ်သုံးမယ်ဆိုရင် ပျမ်း မျှ တစ်နှစ်ကို အစီးငါးရာ အစားထိုးရမယ့် အနေအထား ရှိပါတယ်။ ဒါကြောင့်မို့ Market နဲ့ယှဉ်ပြီး City Bus ထုတ်ဖို့ ရည်ရွယ်ထားတာပါ။ နှစ်စဉ် အစီးငါးရာကို လဲလှယ်သွားမှ ဒီအစီးလေးထောင်က မြန်မာပြည်မှာလည်း Update ဖြစ်နေမှာပါ။ နောက်ပြီး Tour Bus တွေလည်း များလာတယ်။ ဒါပေမဲ့ အစီးရေက လုံလုံလောက်လောက်မရှိသေးဘူး။ နောက် Express Bus တွေကလည်း အများကြီး Demand ရှိသေးတယ်။ လောလောဆယ်မှာတော့ မိုဒယ်နှစ်မျိုးကို ထုတ်လုပ်ထားမယ်။ နောက်ပိုင်းမှာတော့ Market အနေအထား ကိုကြည့်ပြီး တခြားအမျိုးအစားတွေကို တိုးချဲ့ထုတ်လုပ် သွားဖို့ရှိပါတယ်။

Automobile: Daewoo Bus တွေကို YRTA မှာ အသုံးပြုသွားဖို့ ညိနှိုင်းထားတာတွေရော ရှိလား …

Dr.K.K.A: လက်ရှိ သီးသန့်ညိနှိုင်းထားတာတော့ မရှိပါဘူး။ အဓိက ကတော့ Cost ပါ။ သူများနဲ့ ယှဉ်ပြိုင်နိုင်တဲ့ Cost တစ်ခု ဖြစ်နေရင် အားလုံးကလည်းလက်ခံမှာပါ။ ဘယ်မောင်းမှာဆိုရင် တရုတ်နဲ့ကိုရီးယားပဲရှိတယ်။ အဲဒီတော့ တရုတ် Brand ကိုရွေးမလား၊ ကိုရီးယား Brand ကို ရွေးမလားစဉ်းစားရမှာပါ။ ဈေးနဲ့ပဲ စကားပြောသွားမှာပါ။ ဈေးနှုန်းသက်သာတယ်၊ အရည်အသွေးကောင်းတယ်ဆိုရင် ပြည်သူတွေကလည်း လက်ခံမှာပါ။

Automobile: စက်ရုံ စတင်လည်ပတ်တဲ့အချိန်ရောက်ရင် ကားတွေကရော ဘယ်အချိန်လောက်မှာ စပြီး ထွက်လာမယ်လို့ မျှော်မှန်းထားပါသလဲ …

Dr.K.K.A: ကားတွေ အမြန်ဆုံးထုတ်လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ MIC တင်ရမယ့်အပိုင်းတွေနဲ့ စက်ရုံကိုတည် ဆောက်ဖို့အပိုင်းလေးတွေရှိတယ်။ Mini Bus ကိုတော့ ခြောက်လအတွင်း ထုတ်နိုင်အောင်လို့ ကြိုးစားနေပါ တယ်။ City Bus ကိုတော့ တစ်နှစ်အတွင်း ထုတ်နိုင်အောင် ကြိုစားသွားမှာပါ။

Automobile: ရင်းနှီးမြုပ်နှံမှုအပိုင်းမှာ MTC ကပဲ အဓိက တာဝန်ယူထားတာလား …

Dr.K.K.A: MTC ကပဲ ရင်းနှီးမြုပ်နှံမှုအပိုင်းကို လုပ်ရမှာပါ။ ဒါပေမဲ့ Daewoo နဲ့ MTC နဲ့ အကျိုးတူပူးပေါင်းလုပ်မှာပါ။စက်ရုံအတွက် ရင်းနှီးမြုပ်နှံမှုမှာတော့ ဒေါ်လာ ၆ ဒဿမ ၅ မီလျံရှိပါတယ်။ ကျန်တဲ့အပိုင်းတွေကျတော့ Running Cost တွေရှိပါတယ်။ MTC Group ကပဲ ရင်းနှီးမြုပ်နှံရမှာပါ။

Automobile: စက်ရုံ စတည်ဆောက်ရင် ဝန်ထမ်းအင်အား ဘယ်လောက်နဲ့ စတင်လုပ်ဆောင်သွားမှာလဲ …

Dr.K.K.A: ဝန်ထမ်းအင်အား ၂၅ဝ နဲ့ စတင်လုပ်ဆောင်ဖို့သတ်မှတ် ထားပါတယ်။ အခုစပြီး Plan ဆွဲနေတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေကိုတော့ မကြာခင်မှာ Training တွေပေးမယ်။ ကိုရီးယားက ပညာရှင်တွေကလည်း သင်တန်း တွေပေးမှာဖြစ်သလို သူတို့ဆီကိုလွှတ်ပြီး Training တွေ ပေးဖို့ရှိပါတယ်။ Training တွေပေးဖို့လည်း အမြန်ဆုံး လုပ်ဆောင်နေပါတယ်။

Automobile: ရောင်းချပြီးတဲ့ အစီးရေက ဘယ်လောက်လောက်ရှိသွားပြီလဲ …

Dr.K.K.A: City Bus ဆိုရင် BS-106 ၁၅ စီးကို YBPC အများပိုင် ကုမ္ပဏီကိုရောင်းချပြီးတာ တစ်နှစ်ရှိပါပြီ။ အဲဒီ ၁၅ စီးကလည်း YBS စနစ်မှာသုံးစွဲနေပါပြီ။ Mini Bus နဲ့ Express တွေကတော့ တော်တော်များများ ရောင်းချထားပါတယ်။

Automobile: Daewoo Bus တွေရဲ့ ကြံ့ခိုင်မှုအပိုင်းနဲ့ပတ်သက်လို့ရှင်းပြပေးပါဦး …

Dr.K.K.A: အများပိုင်ကုမ္ပဏီမှာ မိုဒယ် ငါးမျိုးဖြစ်တဲ့ တရုတ်မိုဒယ် နှစ်မျိုး၊ ကိုရီယားမိုဒယ် နှစ်မျိုးနဲ့ ဆွီဒင်နိုင်ငံထုတ် Scania တစ်စီးကို စမ်းသပ်သုံးစွဲထားပါတယ်။ စမ်းသုံးတဲ့နေရာမှာလည်း Road Factor နဲ့ သွားမယ်ဆိုရင် Scania ပြီးရင် အပျက်စီးအနည်းဆုံးနဲ့ အများဆုံး သုံးနိုင်တဲ့ အထဲမှာ ကျွန်တော်တို့က ဒုတိယနေရာက လိုက်ပါတယ်။

Automobile: အခုထုတ်မယ့် City Bus နဲ့ Mini Bus မှာဆိုရင် ကြံ့ ခိုင်မှုအပိုင်းနဲ့ Safety အပိုင်းမှာ ဘယ်အပိုင်းကို ဦးစားပေးပြီး ထုတ်လုပ်ထားပါသလဲ …

Dr.K.K.A: အဲဒီအချက်နှစ်ချက်ကိုတော့ လုံးဝအာမခံပါတယ်။ ဘယ်မောင်းလို့ဆိုတာနဲ့ တရုတ်ရှိမယ်၊ ကိုရီးယားရှိမယ်၊ နောက် တခြားအမျိုးအစားတွေလည်းရှိတယ်။ တရုတ် Standard ကို သွားမလား၊ Scania Level အထိ သွားနိုင်လား၊ ဒါမှမဟုတ် အလယ်အလတ်ရှိတဲ့ ကိုရီးယားပုံစံ သွားမလား။ အဲဒါကိုစဉ်းစားပြီး ဈေးကွက်အနေအထားအရ သင့်တော်မယ်ထင်တဲ့ ကိုရီးယားကိုရွေးချယ်တာပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး အားလုံးကိုအာမခံတယ်။ စက်မှုဝန်ကြီးဌာနကလည်း ဒီအပိုင်းတွေကို စနစ်တကျ လုပ်ဆောင်မယ်၊ Daewoo ကလည်း သူတို့ Brand ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ပုံရိပ်ကို အထိခိုက်မခံလိုတဲ့အတွက်ကြောင့် အရည်အသွေးအပိုင်းနဲ့ပတ်သက်ပြီး လုံးဝအာမခံနိုင်ပါတယ်။

Automobile: စက်မှုဝန်ကြီးဌာနနဲ့က အကျိုးတူပူးပေါင်းရုံသက်သက်ပဲလား …

Dr.K.K.A: အကျိုးတူပူးပေါင်းရုံ သက်သက်ပါပဲ။ ရင်းနှီးမြုပ်နှံမှုကတော့ ကျွန်တော်တို့ဘက်ကပဲ လုပ်ဆောင်ပေးတာပါ။ စက်မှုဝန်ကြီးဌာနကလည်း သူတို့နဲ့သက်ဆိုင်တဲ့ အပိုင်းတွေနဲ့ လုပ်ဆောင်နိုင်မယ့် အပိုင်းတွေကို တာဝန်ယူပြီး လုပ်ဆောင်ပေးပါတယ်။

Automobile: Daewoo Bus တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ချပြပေးချင်တဲ့ အပိုင်းလေးနဲ့သုံးစွဲမယ့် Customer တွေကို ဘယ်လို Message ပေး ချင်ပါသလဲ …

Dr.K.K.A: Daewoo Bus တွေဟာ တစ်ချိန်ချိန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အများကြီးအကျိုးပြုလာမယ်လို့ ယုံကြည်ပါတယ်။ လူတွေထင်တာက ဘတ်စ်ကားဆိုတာ Demand နည်းတယ်၊အိမ်စီးကားတွေက Demand များတယ်လို့ထင်ကြတယ်။ အရင်တုန်းက ဘတ်စ်ကားတွေကို အရေးကြီးမှန်း၊ လိုအပ်မှန်း မသိခဲ့ကြဘူး။ ဝန်ကြီးချုပ်ကြီးဆိုလည်း ကားအသစ်တွေ သွင်းလာတယ်၊ လူတွေက ကားသစ်တွေ သုံးစွဲတဲ့အခါမှာ အရင်ကနဲ့ ဘာကွာသလဲဆိုတာ သဘောပေါက်လာကြတယ်၊ လိုအပ်ချက်ဘာလဲဆိုတာ သိလာကြတယ်။ အရင်တုန်းက ဒီကားအစုတ်တွေနဲ့ပဲ ကျင်လည်လာကြတာလေ။အခုအချိန်မှာ ကားသစ်တွေက ဘယ်လို အကျိုးကျေးဇူးတွေရှိလဲဆို တာ အကုန်လုံး သဘောပေါက်နား လည်လာကြတယ်။ အဲဒီအတွက် Demand တွေက သူ့ဘာသာတက်လာမှာ။ ဘတ်စ်ကားကျတော့ ထုတ်လုပ်တဲ့အပေါ်မှာ ရင်းနှီးရတာတွေကလည်း အများကြီးရှိတယ်။ ပြီးတော့ လူအင်အားသုံးရတဲ့အတွက် ကိုယ်နိုင်ငံမှာရှိတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ နည်းပညာရဲ့ အကျိုးကျေးဇူးတွေ ရလာမယ်။ တဖြည်းဖြည်းနဲ့ တိုင်းပြည်အတွက်အများကြီး အကျိုးရှိ လာမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here