ကျပ်သိန်း ၁၅ဝ နှင့် ၂၅ဝ ကြား ရွေးချယ်သင့်သည့်ကားများ

379

၁၃ဝဝ စီစီကားတွေထဲမှာ စျေးကွက်နေရာရထားတဲ့ Toyota Ractis နဲ့ Subaru Trezia တို့က ရုပ်ချင်းဆင်သလို အင်ဂျင်အမျိုးအစားနဲ့ အတွင်းဂရိတ်တွေလည်း တူပါတယ်။ ဒီကားအမျိုးအစားတွေက အတွင်းခန်းကျယ်ဝန်းပြီး အကြမ်းခံတဲ့အတွက် မြို့တွင်း/ပြင် အသုံးပြုလို့ရပါတယ်။ ၂ဝ၁၁ မိုဒယ်နဲ့နောက်ပိုင်း ပုံပြောင်းကားတွေကလည်း ရုပ်ထွက် လှပပြီး Dashboard နဲ့ ဂီယာအထိုင်တွေလည်း ပြောင်းသွားပါတယ်။

 

Toyota Ractis

Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Works တို့ကပူးပေါင်းပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Toyota Ractis ကငါးယောက်စီးကားအမျိုးအစား ဖြစ်သလို Toyota Vitz ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ၂ဝဝ၅ မိုဒယ်ကနေ ၂ဝ၁ဝ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၃ဝဝ စီစီမှာ ပထမမျိုးဆက်ရဲ့ Chassis က NCP 100 ဖြစ်ပြီး ဒုတိယမျိုးဆက်ရဲ့ Chassis က NCP 120 ဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ကို ၂ဝ၁ဝ ပါရီ ကားပြပွဲမှာ Toyota Verso-S အနေနဲ့ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ Ractis ဆိုတဲ့ အမည်နာမကတော့ Run ၊ Activity ၊ Space စတဲ့ စကားလုံးတွေကို ပေါင်းစုထားတာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota Ractis ကို ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ၁၅ဝဝ စီစီမှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့ ၁၃ဝဝ စီစီမှာတော့ 2WD တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပါတယ်။ Paddle Shift Mode ကတော့ ၁၅ဝဝ စီစီ အင်ဂျင်ကားတွေမှာပဲ ရှိတတ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ရုပ်ပြောင်းသွားတဲ့ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းကားတွေက ရှေ့ရှဲလ်၊ ရှေ့မီးခွက်၊ နောက်မီးခွက်တွေပြောင်းသွားသလို ဘော်ဒီအချိုးကလည်း အရင်ပုံဟောင်းနဲ့ မတူတော့ပါဘူး။ ရှေ့ဝိုက်ပါကလည်း Vitz  ပုံပြောင်းလို တစ်ချောင်းတည်းဖြစ်သွားပါတယ်။ အတွင်းခန်းအပြင်အဆင်၊ Dashboard ၊ ဒိုင်ခွက်အထိုင်တွေ ပြောင်းသွားပြီး ဂီယာအထိုင်ကလည်း ပုံဟောင်းလို Dashboard ဂီယာမဟုတ်တော့ဘဲ ဘောဂီယာ ဖြစ်သွားပါတယ်။ Toyota Ractis မှာ G ၊ X ၊ S ၊ X  V Package တို့အပြင် Lepice ဂရိတ်လည်း ရှိပါတယ်။ X နဲ့ X V Grade တွေက Base Grade ဖြစ်လို့ Manual Aircon နဲ့ Remote Key ပဲ ဖြစ်ပါတယ်။ Lepice Grade ကလည်း Manual Aircon နဲ့ Remote Key ဖြစ်ပြီး Paddle Shift Mode ပါသွားသလို Steering Leather ကြိုးချုပ် ဖြစ်သွားပါတယ်။ S Grade ကတော့ ၁၅ဝဝ စီစီမှာပဲရှိပြီး Auto Aircon နဲ့ Push-Start ဖြစ်သွားပါတယ်။ G Grade ကတော့ အမြင့်ဆုံးဖြစ်လို့ Auto Aircon ၊ Push-start ၊ Steering Leather ကြိုးချုပ်၊ ဂီယာလက်ကိုင် ကြိုးချုပ်နဲ့ အလွိုင်းအရွယ်အစား ၁၆ လက်မဖြစ်သွားပါတယ်။

 

စျေးနှုန်း

စျေးကွက်ထဲမှာ Toyota Ractis ကို အင်ဂျင်ပါဝါ ၁၃ဝဝ စီစီနဲ့သာ အများဆုံးတွေ့ရပြီး ရုပ်ပြောင်းသွားတဲ့ ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ်ရဲ့စျေးက ရန်ကုန်လိပ်စာဆိုရင် အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်လို့ ကျပ်သိန်းနှစ်ရာကနေ ၂၅ဝ ကြားမှာ ရှိပါတယ်။

 

Subaru Trezia

၁၃ဝဝ စီစီ ကားစျေးကွက်ထဲမှာ Toyota Ractis နဲ့ ရုပ်ဆင်ပြီး အင်ဂျင်အမျိုးအစားလည်းတူတဲ့ Subaru Trezia ကလည်း Ractis ရဲ့အောင်မြင်မှုနောက်ကိုလိုက်ဖို့ ကြိုးစားနေတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ Toyota ကုမ္ပဏီက Mini MPV အမျိုးအစားဖြစ်တဲ့ Ractis ကို ၂ဝဝ၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Subaru Trezia ကို ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Trezia ဆိုတဲ့ အမည်နာမကတော့ အဂင်္လိပ်ဘာသာစကား Treasure (ရတနာတစ်ပါး) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Subaru Trezia ကို Toyota Ractis လိုပဲ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီနဲ့ ၁၅ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားပါတယ်။ အင်ဂျင်ကလည်း Ractis အင်ဂျင်နဲ့တူပြီး ၁၅ဝဝ စီစီ အင်ဂျင်က 1NZ-FE ၊ ၁၃ဝဝ စီစီအင်ဂျင်က 1NR-FE ဖြစ်ပါတယ်။ CVT ဂီယာ ခြောက်ချက်နဲ့ ထုတ်လုပ်ထားသလို Manual  ဂီယာလည်းရှိပေမဲ့ Manual နဲ့ တင်သွင်းမှုတော့နည်းပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Subaru Trezia နဲ့ Toyota Ractis က ရှေ့ရှဲလ် နည်းနည်းလေးပြောင်းသွားတာကလွဲ လို့ ရုပ်ထွက်ဆင်ပါတယ်။ ၂ဝ၁၂ မိုဒယ် Trezia မှာဆိုရင် 1.3I ၊ 1.3I-L  ၊ 1.3 I-S ၊ 1.5I ၊ 1.5 I-L ၊ 1.5 I-S ၊ 1.5 I-L Panorama ၊ 1.5 I Sport Limited စတဲ့ ဂရိတ်တွေ ရှိပါတယ်။ ဒီကားက Toyota Ractis နဲ့ အတွင်းခန်းဖွဲ့စည်းပုံချင်းလည်း ဆင်ပြီး 1.3 I နဲ့ 1.5I  ဂရိတ်ကလွဲလို့ ကျန်ဂရိတ်တွေမှာ Digital Aircon ၊ Push-start ဖြစ်သွားပြီး ရှေ့/နောက် Spoiler နဲ့ နှင်းခွဲမီးပါရှိပါတယ်။ L Grade  ကတော့ အမြင့်ဆုံးဖြစ်လို့ Aircon Auto ၊ Push-start ၊ Steering Leather  ကြိုးချုပ်၊ ဂီယာလက်ကိုင်ကြိုးချုပ် စတာတွေ ပါသွားပါတယ်။ I-S ဂရိတ်တွေနဲ့ Sport  ဂရိတ်တွေမှာ အလွိုင်းဆိုက် ၁၆ လက်မဖြစ်သွားပါတယ်။

 

စျေးနှုန်း

Subaru Trezia မှာလည်း အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကိုသာ တင်သွင်းမှုများပြီး ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ်ကို ရန်ကုန်လိပ်စာဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ဂရိတ်အပေါ် မူတည်လို့ ကျပ်သိန်း ၁၉ဝ ကနေ ၂၄ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here